မော်လမြိုင်၊အောက်တိုဘာ(၃၁)


ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့ ပါဝင်စုဖွဲ့ထားတဲ့ ညီနောင်သုံးဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီကို စစ်ကြေညာချက်နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ရက်ကနေ ၃၀ ရက်နေ့အထိ ၄ ရက်တာအတွင်း ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ တပ်စခန်း ၇၀ နီးပါးနဲ့ ဆယ်ချီတဲ့ စစ်သုံ့ပန်းတွေအပါအဝင် လက်နက်ခဲယမ်းတွေ အမြောက်အများနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်အဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေဆဲပါပဲ။ပြီးတော့ ကျွန်တော်တို့ Operation 1027 ဖော်ဆောင်တဲ့ရက်ကနေ့ ဒီနေ့အထိဆို ကျွန်တော်တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ စုစုပေါင်း ရန်သူ့ရဲ့ တပ်စခန်း ၇၀ နီးပါးလောက်ကို သိမ်းဆည်းနိုင်ခဲ့ပြီ၊ဒီနေ့ တိုက်ပွဲအခြေအနေကတော့ မုံးကိုး ဖောင်းဆိုင် ပြီးတော့ သိန္နီမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ဆင်ရေးရဲ့ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း မုံးကိုးဘက်ရှိ စစ်ကောင်စီစခန်းငယ် ၂ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သလို လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ချင်းရွှေဟော်နဲ့ လောက်ကိုင်ဘက် သွားတဲ့ သိန္နိမြို့အဝင်တံတားကို မဟာမိတ်အဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။

တဆက်တည်း တအာင်းပြည်နယ် တပ်မဟာ ၆ စစ်ဒေသ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်ကျက်တပ်စခန်းကိုလည်း အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၄ နာရီကျော်မှာ တအာင်းတပ်မတော်ကနေ ဆက်လက်တိုက်ခိုက်ချေမှုန်းနေဆဲလို့ TNLA က ထုတ်ပြန်ထားတာပါ။

စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီစစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ စခန်းငယ်တွေနဲ့ မြို့ငယ်တွေကို ဝန်းရံတဲ့ အဆင့်ကနေ စခန်းကြီးတွေနဲ့ ဒေသအလိုက် လွတ်မြောက်အောင် လုပ်ကြမယ့် သဘောရှိတယ်လို့ သုံးသပ်ပါတယ်။

“အခုက စခန်းငယ်လေးတွေနဲ့ မြို့ငယ်လေးတွေ ဝန်းရံထားတဲ့အဆင့်ပဲ ရှိပါတယ်။နောက်တဆင့်ကတော့ ဆက်ပြီးတော့ စခန်းကြီးတွေနဲ့ ဒေသအလိုက် လွတ်မြောက်အောင် လုပ်ကြမယ့် သဘောရှိတယ်လို့ ထင်ပါတယ်။အထူးသဖြင့် မကြာခင်မှာ လောက်ကိုင် ကိုးကန့်ကို လွတ်မြောက်အောင် လုပ်နိုင်လိမ့်မယ်။နောက်ပြီးတော့ မုံးကိုးဒေသကို လွတ်မြောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။အဲဒီတော့ ဘာပဲဖြစ်ဖြစ် စခန်းကြီးတွေနဲ့ မြို့ငယ်ဝန်းရံမှုကနေ မြို့သိမ်းတိုက်ပွဲတွေ မကြာခင် လာတော့မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်နေ့မှာ လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ကိုးကန့်ချင်းရွှေဟော်ဒေသ မာလီဖင်ရွာနဲ့ ညိုဖင်ကျီပရွာကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

အလားတူ အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ကနေ ရဟတ်ယာဉ်တွေနဲ့ မုံးကိုးမြို့၊ မန်ယန်၊ ပန်ဆိုင်းဒေသတလျှောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

ညီနောင်သုံးဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ ခေတ်သစ်သမိုင်းမှာ အင်အားအရရော စိတ်ဓာတ်ရေးရာအရပါ အကြီးမားဆုံးနဲ့ အဆိုးဝါးဆုံး ပြိုလဲတဲ့အနေအထားမျိုး တွေ့ရတယ်လို့ CDM ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်ပါတယ်။

“၈၈ နောက်ပိုင်းမှာဆိုရင် အဆိုးဝါးဆုံး စစ်ကောင်စီကို ထိခိုက်စေတဲ့ တိုက်ပွဲမျိုးတွေ ဖြစ်စေတယ်။တိုက်ပွဲဖြစ်တဲ့ မကြာတဲ့အချိန်မှာ စခန်းတွေ တစ်ခုပြီး တစ်ခုကျတယ်။စခန်းမှာရှိတဲ့ လူတွေမှာဆို စစ်သည်တွေလည်း ပါတယ်၊ ရဲတွေလည်း ပါတယ်၊ ပြည်သူ့စစ်တွေလည်း ပါတယ်။ဒီလိုမျိုးဟာတွေက သူတို့ရဲ့ တိုက်စွမ်းရည်တွေ စိတ်ဓာတ်တွေကလည်း အများကြီးနိမ့်ကျနေတဲ့ အနေအထားမျိုး တွေ့ရတယ်”လို့ သူက ဆိုပါတယ်။

CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်ကလည်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ ပြိုလဲသွားတဲ့အထိ ဖြစ်နိုင်ပြီး တိုင်းရင်းသားတွေ အကုန်လုံး တပြိုင်တည်းတိုက်ကြရင် စစ်တပ်ဟာ ထိန်းနိုင်ဖို့ အရမ်းခက်တဲ့အချက်ကို စစ်သားတိုင်း သိရှိပြီးသားလို့ ပြောပါတယ်။

“စစ်ကောင်စီအတွက်တော့ ၁၀၂၇ စစ်ဆင်ရေးဟာဆိုရင် ပြိုလဲသွားတဲ့အထိ ဖြစ်သွားနိုင်တယ်။ပထမတချက်အနေနဲ့ အင်အားအရလည်း အဲဒီဒေသကို ပို့နိုင်ဖို့ ထုတ်နှုတ်အင်အားတွေ အများကြီးသုံးရမယ်။အဲဒီထုတ်နှုတ်ထားတဲ့ အင်အားတွေအကုန်လုံးကလည်း လက်ရှိအချိန်မှာ နားနေတဲ့ တပ်တွေမဟုတ်ဘူး။သူတို့ကလည်း တခြားနယ်မြေမှာ တိုက်နေတဲ့အဖွဲ့တွေ ဖြစ်တယ်။အဲဒီအတွက် သူတို့တွေရဲ့ ပင်ပန်းတဲ့ဒဏ် စိတ်ပျက်မှုဒဏ်အများကြီးကို ခံစားရတယ်။စစ်တပ်ထဲမှာ သိထားတဲ့အချက်က တိုင်းရင်းသားတွေသာ အကုန်လုံး တပြိုင်တည်း တိုက်ကြမယ်ဆိုရင် စစ်တပ်ဟာ ထိန်းနိုင်ဖို့ အရမ်းခက်တယ်ဆိုတာ စစ်သားတိုင်း သိပါတယ်။အဲဒီအချက်ဟာ သူတို့ရဲ့ စိတ်ထဲမှာ တိုင်းရင်းသားတွေအားလုံး ပါဝင်လာပြီဆိုတဲ့ ခံစားချက်လည်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံ့အာဏာကို သိမ်းယူဖို့ ကြိုးပမ်းချိန်ကစပြီး ဒီကနေ့အထိ တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်အင်အားဖြန့်ကျက်ထားရတဲ့အတွက် စစ်သည်တွေကို ပြန်လည်စုစည်းဖို့ ခက်ခဲနေသလို ရှိပြီးသားကိုလည်း ထုတ်နှုတ်ဖို့ မသင့်တော်တဲ့အနေအထားလို့ CDM ဗိုလ်ကြီးတွေက ထောက်ပြပါတယ်။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်သာမက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာလည်း အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီကနေ့အထိ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ညီနောင်သုံးဖွဲ့ စစ်ဆင်ရေးကနေ အသိပေးလာပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့သလို မိမိတို့ဘက်ကလည်း အထိအခိုက်အကျဆုံးတချို့ရှိခဲ့ကာ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုနဲ့အတူ တိုက်ပွဲအရှိန်ဆက်လက်မြှင့်တက်နေတယ်လို့ ဆိုထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ဒီအခြေအနေမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ပေါင်းပြီး စစ်ကောင်စီကို စနစ်တကျတိုက်ခိုက်မယ်ဆိုရင် အထိနာနိုင်ရုံမကဘဲ တပ်ပျက်တဲ့ အခြေအနေထိ ရောက်သွားနိုင်တဲ့အတွက် ဆက်ပြီး အင်နဲ့အားနဲ့ တွန်းပို့ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“တစ်နိုင်ငံလုံးမှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ပေါင်းပြီးတော့ စနစ်တကျတိုက်မယ်ဆိုရင်လည်း စစ်ကောင်စီအတွက် တော်တော့်ကို အထိနာနိုင်တယ်။သူတို့အထဲမှာလည်း အစာမကြေမှုတွေ ရှိတဲ့ ကာလ။ပြည်သူ့ထောက်ခံမှုကိုလည်း အနည်းဆုံးမရှိသလောက် ပြောလို့ရတဲ့ကာလမျိုးမှာ တော်လှန်ရေးအင်အားစုကို ထောက်ခံဖို့ အများဆုံးရှိနေတဲ့ အချိန်အခါမျိုးမှာ ရွက်ကုန် တက်ကုန် လွှင့်ပြီးတော့ တော်လှန်ရေးကို ဆင်နွှဲကြမယ်ဆိုရင် နွေဦးတော်လှန်ရေးအပါအဝင် တိုင်းရင်းသားအင်အားစုတွေရဲ့ အောင်ပွဲက ဒီအချိန်မှာ ကြီးမားလိမ့်မယ်၊ ရလဒ်ကောင်းတွေလည်း အများကြီးရနိုင်တယ်။စစ်ကောင်စီအတွက်လည်း တော်တော့်ကို အထိနာရုံမကဘဲ နောက်ဆုံး တပ်ပျက်တဲ့ အခြေအနေတောင်မှ ရောက်သွားနိုင်မယ့် အခြေအနေရှိပါတယ်။ဒီအခြေအနေကို ဆက်ပြီး အင်နဲ့အားနဲ့ တွန်းပို့ဖို့ပဲ လိုပါတယ်”လို့ သူက ဆိုပါတယ်။

ရက်ပိုင်းအတွင်း နာမည်ကြီးလာတဲ့ ၁၀၂၇ စစ်ဆင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) စတဲ့ တော်လှန်ရေးအင်အားစု ၁၀ ဖွဲ့ထက်မနည်း ကြိုဆိုထောက်ခံခဲ့ကြတာပါ။

တဖက်မှာတော့ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပါအဝင် EAO တွေဖြစ်တဲ့ KIA ၊ KNU၊ CNF၊ KNPP နဲ့ ABSDF တို့ကို စစ်ရေးအရ အကြီးအကျယ်ရင်ဆိုင်တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အထိအခိုက် သေဆုံးမှုများပြားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ရေးဆိုင်ရာ အဆင့်မြင့်စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေရတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – The KoKang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.