သထုံ၊ အောက်တိုဘာ(၃၁)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ဒေသခံနေအိမ် ၂ လုံးကို စစ်ကောင်စီပူးပေါင်းအဖွဲ့က မနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ သုဓမ္မဝတီမြို့သစ်ရဲတပ်ဖွဲ့နဲ့ ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မနေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဒူးရင်းဆိပ်ကျေးရွာ အမှတ်(၂)နဲ့အမှတ်(၃) ရပ်ကွက်ရှိ နေအိမ် ၂ လုံးကို လာရောက်ချိပ်ပိတ်ခဲ့တာပါ။

စစ်ကောင်စီကတော့ ဒူးရင်းဆိပ်ကျေးရွာနေ မမေသင်္ကြန်၊ ကိုဝင်းသူအောင်၊ကိုနေလင်းဦး၊ကိုရန်လင်းအောင်နဲ့ ကိုအေးလှိုင်တို့ဟာ အကြမ်းဖက်တရားခံတွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီက လာရောက် ချိပ်ပိတ်သွားတဲ့ နေအိမ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လူနေထိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

နေအိမ်ချိပ်ပိတ်ခံရတဲ့ ဒေသခံတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။

သထုံမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ အကြမ်းဖက်မှုအကြောင်းပြချက်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ဒေသခံနေအိမ် ၂၀ ထက်မနည်း ချိပ်ပိတ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းက နေအိမ် ၈၀၀ ထက်မနည်း ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ အခုနှစ်ဧပြီနောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.