မုန်း၊ အောက်တိုဘာ(၃၁)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်မြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ဗဟိုက အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်က KNU မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ သပြေညွန့်စခန်းနဲ့ ရဲစခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျောက်ကြီးပေါက်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့၊ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ရွှေပြည်သာနဲ့လေလံကုန်းကျေးရွာတွေက ဒေသခံပြည်သူဦးရေ ၂၀၅၂ ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ခမရ ၃၅၁ တပ်က မရမ်းစိန်လေးကျေးရွာထဲကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တဲ့အချိန်ကနေစပြီး ကျေးရွာနေ ဒေသခံပြည်သူဦးရေ ၄၀၀ ကျော် စစ်ရှောင်နေခဲ့ရတာပါ။

အဲဒီစစ်ရှောင်ပြည်သူ ၄၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်ကိုမပြန်နိုင်သေးဘဲ နေရာထိုင်ခင်း၊ အစားအစာနဲ့ ဆေးဝါးတွေစတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထု နှစ်သိန်းကျော်ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.