မော်လမြိုင်၊ အောက်တိုဘာ(၃၁)

ညီနောင်မဟာမိတ်သုံးဖွဲ့က ဟန်ချက်ညီညီနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကြိုဆိုထောက်ခံတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA)တို့ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး ကြေညာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

စစ်ဆင်ရေးစတင်ကြေညာတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၇၀ နီးပါး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနဲ့ အခုစစ်ဆင်ရေးကနေ တိုင်းရင်းသားတွေအားလုံး ဟန်ချက်ညီညီနဲ့ လက်တွဲတိုက်ပွဲဝင်မယ့် ပုံပေါ်လာတယ်လို့ ပဒိုစောတောနီးက ပြောဆိုပါတယ်။

“စစ်မျက်နှာဖွင့်ပြီးတော့ တခါတည်း ဟန်ချက်ညီညီနဲ့ တိုက်ရမယ်ဆိုတဲ့ ကျွန်တော်တို့ အဲ့ဒီကတည်းက ပြောထားတယ်လေ။ အခုက ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိလာပြီးလေ။ ဘာပဲဖြစ်ဖြစ် ချက်ချင်းလက်ငင်းက ဟန်ချက်ညီညီတိုက်တယ်ဆိုတာ မပေါ်နိုင်ပေမယ့်လို့ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတယ်ဆိုတာကတော့ အခုမြင်တွေ့နေရပြီလေ။ ကျွန်တော်တို့ပြောထားတဲ့ဟာက အခုမှမဟုတ်ဘူး။ ပြောထားတဲ့ဟာက ဟန်ချက်ညီညီနဲ့ တိုက်ဖို့ဆိုတာ ကြာလှပါပြီ။ အခုတော့ အဲ့လို အကောင်အထည်ဖော်လာတဲ့အခါမှာတော့ ကျွန်တော်တို့ကတော့ ကြိုဆိုရမှာပဲလေနော်” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) စတဲ့ တော်လှန်ရေးအင်အားစု ၁၀ ဖွဲ့ထက်မနည်း ထောက်ခံကြိုဆိုကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအပြင် လူထုထောက်ခံမှုတွေကိုပါ ရရှိထားတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်သာမက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အထိ စစ်ဆင်ရေးတွေ စတင်လာနိုင်ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကနေ အသိပေးလာပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အဲဒီစစ်ဆင်ရေးဟာ မြို့တချို့ကို ထိန်းချုပ်လာနိုင်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ အတွဲလိုက်ဒုံးအပြင် လက်နက်ကြီးမျိုးစုံသုံးပြီး အဆက်မပြတ် ခုခံနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.