ပေကျင်း၊အောက်တိုဘာ(၃၁)

အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ တရုတ်စစ်တပ်ရဲ့ ဒုတိယအမြင့်ဆုံး ခေါင်းဆောင်က အောက်တိုဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ်စဉ်ကျင်းပလေ့တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး စစ်ရေးသံခင်းတမန်ခင်းပွဲ ဖြစ်တဲ့ ဘေဂျင်းကျင်ရှင်ဖိုရမ်မှာ သူကအခုလို ပြောဆိုခဲ့တာပါ။

တရုတ် ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ရုရှားနဲ့မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး အမေရိကန်ပြည်ထောင်စုနဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွား မယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖူကို အမေရိကန်က အရေးယူပိတ်ဆို့ပြီးချိန်တည်းက တရုတ်နဲ့ အမေရိကန်တို့ရဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို ရာထူးက ဖြုတ်ချပြီးနောက်ပိုင်း အဲဒီနေရာမှာ အခုအချိန်အထိ အစားထိုးခန့်အပ်ထားတာ မရှိသေးပါဘူး။

ဘေဂျင်းကျင်ရှင်ဖိုရမ်မှာ တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌက ထိုင်ဝမ်လို ကြီးကြီးမားမား ထိလွယ်ရှလွယ် ကိစ္စရပ်တွေမှာ တခြားနိုင်ငံတွေအနေနဲ့ မပါဝင်သင့်ကြောင်းနဲ့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အဓိက အကျိုးစီးပွားဖြစ်တယ်လို့လည်း အမေရိကန်ကို ရည်ညွှန်းတဲ့ မှတ်ချက်တွေ ထည့်သွင်းပြောခဲ့ပါသေးတယ်။

တရုတ်မှာ ကျင်းပနေတဲ့ စစ်ရေးသံခင်းတမန်ခင်းပွဲကို တက်ရောက်ဖို့ အမေရိကန်ကာကွယ် ရေးဌာနက တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ စင်သီယာရှန်သီကာရက်စ်ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့ကို စေလွှတ်ထားတာ ဖြစ်ပါတယ်။  

အနောက်နိုင်ငံအများစုကတော့ အဲဒီဖိုရမ်ကို တက်ရောက်ဖို့ ငြင်းဆိုထားပြီး တခြားအဆင့် ကိုယ်စားလှယ်အဖွဲ့တွေကိုသာ စေလွှတ်ထားသလို စင်္ကာပူမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာဆွေးနွေးပွဲကိုသာ အာရုံစိုက်နေကြတယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.