မော်လမြိုင် – အောက်တိုဘာ(၃၀)

ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် Development Media Group (DMG)သတင်းဌာန ရုံးချုပ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး သတင်းထောက်(၁) ဦးနဲ့ ရုံးစောင့် (၁) ဦးကိုဖမ်းဆီး ခေါ်ဆောင်သွားတဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ DMG က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၂၉) ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီလက်အောက်ခံ စသုံးလုံး၊SB အထူးသတင်းတပ်ဖွဲ့၊ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သား (၂၀) ပါ ကား(၃) စီးနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

သတင်းဌာနကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ ရုံးသုံးကင်မရာနဲ့ ကွန်ပျူတာတွေကို သိမ်းဆည်းသွားခဲ့ပြီး သတင်းဌာနရုံးခန်းကိုလည်း ချိပ်ပိတ်သွားတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ သတင်းထောက်နဲ့ ရုံးစောင့်တို့ကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဘယ်လို ပုဒ်မတွေနဲ့ အရေးယူဖို့ရှိမလဲဆိုတာ မသိရသေးဘူးလို့ DMG သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ်၊ ဧရာဝတီတိုင်း တို့ အပါအဝင် သတင်းဌာန (၁၅)ခု၊ စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက် နှစ်ခုတို့ကို လိုင်စင်ပိတ်သိမ်း ထားပါတယ်။ဒါ့အပြင် သတင်းထောက် (၁၅၆) ဦးလည်းဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက (၁၀၅) ဦးပြန်လည် လွတ်မြောက်လာပေမယ့် (၅၀) နီးပါးဟာ ဆက်လက်အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သော အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – နိရိဉ်စရာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.