မော်လမြိုင်၊ အောက်တိုဘာ(၂၄)

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်အပါအဝင် ပြည်နယ်တဝှမ်းမှာ အခုလအတွင်း လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပြတ်တောက်လာမှုနဲ့ ထပ်မံကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုကို ပြီးခဲ့တဲ့လတွေတုန်းက နယ်မြို့တွေမှာပါသာ ဖြစ်ပေါ်ခဲ့ပေမယ့် အခုအခါမှာတော့ မော်လမြိုင်မြို့ပေါ်မှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါး ပြတ်တောက်လာတာ ဖြစ်ပါတယ်။

လျှပ်စစ်ဖြန့်ဝေပေးမှုကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းကနေ ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် တစ်ရက်ကို ၈ နာရီ လျှပ်စစ်မီးပေးမယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာတော့ တစ်ရက်လုံးမှ ၄ နာရီသာ လျှပ်စစ်မီးရရှိနေတာပါ။

လျှပ်စစ်မီးရရှိတဲ့ အချိန်ဟာလည်း အရင်ကတစ်ကြိမ်ကို ၂ နာရီ ပေးပြီး ၄ နာရီ ဖြတ်တောက်ခဲ့ရာမှ လက်ရှိမှာတော့ တစ်ကြိမ်ကို ၁ နာရီခွဲ လောက်သာရရှိပြီး လျှပ်စစ်မီး ပြတ်တောက်ချိန်က တစ်ကြိမ်ကို ၆ နာရီကနေ ၈ နာရီလောက်အထိ ကြာမြင့်လာခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက တစ်ရက်ကိုအချိန် ၃ နာရီလောက်သာ လျှပ်စစ်မီးရရှိတော့တဲ့အတွက် ဘက်ပေါင်းစုံ အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မီးက တစ်နေ့ကို (၃)နာရီလောက်ပဲ ပေးတယ်ပေါ့။ မီးမလာတော့ မီးသွေးတွေဝယ်ရတယ်၊ မီးမွှေးရတယ်၊ အလုပ်တွေ ရှုပ်တာပေါ့ဗျာ။ မီးလာတဲ့အချိန်မှာ လျှပ်စစ် မီးနဲ့ကျတော့ အလွယ်တကူပြီးမယ့် အရာတစ်ခုကို အခုကအချိန်ပေါင်းများစွာ ဟင်းတစ်ခါချက်ဖို့လည်း မီးမွှေးနေရတယ်။ နာရီ ဝက်နဲ့ပြီးရမယ့်အလုပ်တစ်ခုကို အခု (၁)နာရီ နီးပါးကြာလုပ်နေရတာ။ ဘယ်ဟာမှ အဆင်မပြေနေဘူး။ ပိုက်ဆံလည်း ပိုကုန်၊ သူတို့လုပ်နေသလို သူတို့ ခြယ်လှယ်သမျှခံနေရတဲ့ ဘဝကြီးဖြစ်နေတယ်ဗျာ။ နောက်ပြီးတော့ အခုတစ်နေကုန်ပင်ပန်းပြီး ညအိပ်ခါနီးကျရင်လည်း မီးမလာတော့ အခုနွေရာသီရောက်ပြီးဆိုတော့ ပိုပူပြီးတော့ နေရအဆင်မပြေနေဘူး။ ဘက်ပေါင်းစုံက ဘယ်လိုမှ အဆင်မပြေနေဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးရရှိမှုနည်းတဲ့အတွက် အလုပ်တွေကအစ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရသလို အပိုငွေကြေးကုန်ကျမှုတွေပါ ဖြစ်ပေါ်နေတာကြောင့် လူမှုစီးပွားဘဝတွေမှာပါ အခက်အခဲနဲ့ ကြုံတွေ့ လာရတယ်လို့ သူကဆက်ပြောပါတယ်။

SME လုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီးရရှိမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်ကို ပြန်ရောက်သွားတာဖြစ်ပြီး လုပ်ငန်းလည်ပတ်ဖို့ မီးစက်ကိုသာ အားကိုးနေရတယ်လို့ ပြောပါတယ်။

“မီတာခလည်း တိုးကောက်၊ မီးလည်း မပြင်ဆင်၊ မီးလည်းမလာ၊ ကိုယ့်အားကိုယ်ကိုးပေါ့လေ။ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)လောက်တုန်းကလည်း ဒီအတိုင်းပဲ သွားတာလေ။ အလုပ်လုပ်ရင် မီးမလာရင် အင်ဂျင်မောင်း၊ မီးလာတော့ရပ်။ ကိုယ့်အလုပ်ကလည်း လျှပ်စစ်မီးသုံးရတဲ့ အလုပ်ဆိုတော့ ကုန်ကျငွေပိုပြီးတော့ ရှိတာပေါ့။ အခုချိန်က အရောင်းအဝယ်က သိပ်လည်းမရှိဘူး။ အကုန်အကျလည်း များတယ်။ နေ့တစ်ဝက်လောက် ပျက်နေတာ။ ညဆိုလည်း ကျွန်တော်တို့ဘက်က မှန်ချင်လည်း မှန်တာပဲ။ မလာတဲ့အခါလည်း မလာဘူး ဖြစ်နေတယ်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေတာဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ခန့်က အကောင်အထည်ဖော်ခဲ့တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကြီးတွေ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့တာကြောင့် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်၊ လေအားနဲ့ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ဖို့ အကောင်အထည်ဖော်နေတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံတော်ကနေ ဖြန့်ဝေပေးတဲ့ လျှပ်စစ်မီးကို ရေးမြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာရရှိနေတာ ဖြစ်ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ လျှပ်စစ်မီး ဆိုးဝါးစွာ ပြတ်တောက်မှုကို တခြားတိုင်းနဲ့ပြည်နယ်နည်းတူ ကြုံလာရတာပါ။

နိုင်ငံတော်ကနေ ဖြန့်ဝေပေးတဲ့ လျှပ်စစ်မီး မရရှိသေးတဲ့ ရေးမြို့နယ်ဟာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ပုဂ္ဂလိကလျှပ်စစ်ဖြန့်ဖြူရေးကုမ္ပဏီတွေကနေ ရောင်းချပေးတဲ့ လျှပ်စစ်မီးတွေကို တစ်ယူနစ် ကျပ် ၂၀၀၀ အထိ ဈေးနှုန်းအဆမတန် ပေးဆောင်သုံးစွဲနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.