ကျိုက်ထို၊ အောက်တိုဘာ(၂၄)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ် ၄၀ နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ခုခံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပြီး အရေအတွက် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ရဲစခန်းတိုက်ခိုက်မှုမှာ KNLA နဲ့ PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တာဝန်ရှိသူတွေအပြင် သထုံခရိုင် PDF တာဝန်ခံတို့ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ အာဏာသိမ်းကာလအတွင်း ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာနဲ့ ရဲစခန်းအဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.