ဝါရှင်တန်၊ အောက်တိုဘာ(၂၄)
အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာဖို့ အမေရိကန်က ဗြိတိန်အစိုးရကို ထပ်မံတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်က ဆင်နွှဲခဲ့တဲ့ စစ်ပွဲမှာ အဲဒီအဖွဲ့ဟာ တီဟီရန်ရဲ့ ကြံရာပါလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အစ္စရေးရှိ အရပ်သား ၁၄၀၀ ထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ရပြီး လူမျိုးပေါင်း ၄၀ ကျော်မှ ဓားစာခံ ၂၁၂ ဦးကို ဂါဇာကမ်းမြောင်သို့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။
IRGC ကို ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်မှာ ပိတ်ပင်ထားတာဖြစ်ပြီး အခုလို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ရာမှာလည်း ပူးပေါင်းလုပ်ဆောင်ကြဖို့ ဗြိတိန်အပါအဝင် သူ့ရဲ့မဟာမိတ်တွေကို လူသိရှင်ကြား တိုက်တွန်းထားတယ်လို့ အမေရိကန်က ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မတ်သရူး မီလာက “အခြားနိုင်ငံတွေက IRGC ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်သင့်တယ်လို့ ကျွန်တော်တို့ လုံးဝထင်မြင်ယူဆပါတယ်။ ဒါဟာ အကြိမ်ပေါင်းများစွာ ရှင်းလင်းတဲ့ ရလဒ်တစ်ခုပါ” လို့ ဆိုပါတယ်။
ကွန်ဆာဗေးတစ်ပါတီမှ အဖွဲ့ဝင်အများအပြားက လူသိရှင်ကြား တောင်းဆိုထားတာကြောင့် အခုလှုပ်ရှားမှုဟာ IRGC ကို ဗြိတိန်အတွင်း ဖိအားများတိုးလာစေတာဖြစ်ပါတယ်။
IRGC ဟာ ကမ္ဘာအနှံ့အပြား တိုက်ခိုက်မှုအများအပြားမှာ ပါဝင်တယ်လို့ အမေရိကန်က အခိုင်အမာ ယုံကြည် ထားပြီး ဗြိတိန်ထိပ်တန်းဝန်ကြီးတွေနဲ့ လုံခြုံရေးအရာရှိတွေအနေနဲ့ ဗြိတိန်မြေပေါ်ရှိ အစ္စလာမ်မစ် သမ္မတနိုင်ငံဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ဂရုစိုက်ဖို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ အီရန် ၁၉၇၉ ခုနှစ် တော်လှန်ရေးရဲ့ အယူဝါဒဆိုင်ရာ သဘောတရားတွေကို စောင့်ရှောက်ဖို့အတွက် ကနဦးဖွဲ့စည်းခဲ့တာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ တိုင်းပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေကို လွှမ်းခြုံလာကာ အရေးပါတဲ့အင်အားစုအဖြစ် ပြောင်းလဲလာတယ်လို့ အမေရိကန်က ဆိုပါတယ်။
Ref: IranInternationa