“အခုအာဏာသိမ်းတဲ့ စစ်အုပ်စုက အရင်စစ်အုပ်စုတွေထက် ပိုပြီးမိုက်မဲတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ လူစိတ် ပျောက်နေတဲ့၊ သူခိုးဓါးပြသာသာ အုပ်စုဖြစ်နေတဲ့အတွက် သူတို့ကိုရင်ဆိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကြိုးစားကြရတယ်၊ နည်းလမ်းရှာနေတယ်”
ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပါတီတည်ထောင်ခြင်း ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဟာ ပါတီတည်ထောင်တဲ့ ၃၅ နှစ်အတွင်း စစ်အစိုးရတွေရဲ့ ပါတီ ဖျက်သိမ်းမှု ၂ ကြိမ်တိုင်ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတွေနဲ့အတူ တရားမျှတမှုအတွက် စစ်အုပ်စုကို တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ် မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၃၅ နှစ်ပြည့်သွားခဲ့ချိန်မှာ စတင်တည်ထောင်ချိန် က ရည်မှန်းချက်တွေ ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီလဲ။ ပြောပြပေးပါဦး။
ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ပါတီတည်ထောင်ခဲ့တာဆိုရင် ဒီနှစ်အောက်တိုဘာလ၁၄ရက်နေ့မှာ ၃၅နှစ်ပြည့် မြောက်ခဲ့ပါပြီ။ ၃၅နှစ်တာကာလအတွင်းမှာ ကျွန်မတို့ပါတီက လူမျိုးပေါင်းစုံပြည်သူတွေနဲ့လက်တွဲပြီးတော့ ပြည် သူအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စုကိုတော်လှန်ဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကျွန်မတို့ ကြိုးစား ခဲ့ကြတယ်။ တော်လှန်ဖို့ကြိုးစားခဲ့လို စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုအများကြီးကြုံခဲ့ပါတယ်ဒီ ၃၅နှစ်တာ သက်တမ်း ကာလအတွင်းမှာ ပါတီကိုတရားဝင်နိုင်ငံရေး ပါတီအဖြစ်ကနေ ဖျက်သိမ်းခံရတာ အခုဆိုရင် နှစ်ကြိမ်တိုင်တိုင် ကြုံရတာဖြစ်တယ်။ ပါတီရဲ့ ရဲဘော်တွေ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ဒါ တွေလည်း ကျွန်မတို့ အများကြီးကြုံရပါတယ်။ ဒါတွေကို ကြုံရင်းနဲ့ပဲဆက်ပြီးတော့ ကျွန်မတို့ယုံကြည်တဲ့ နိုင်ငံရေးကို ဆက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကြီးမားတဲ့အတွေ့အကြုံတွေ၊ သင်ခန်းစာ တွေ ရခဲ့တယ်။
ဘယ်လိုကိစ္စတွေကို ရင်ဆိုင်ရတာပဲဖြစ်ပါစေ။ ကျွန်မတို့က ပါတီစတင်တည်ထောင်ကတည်းက စွဲကိုင်ခဲ့တဲ့ ဆောင်ပုဒ်ရှိပါတယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ အဲဒီဆောင်ပုဒ်ကိုပဲ အခု ချိန်ထိ လက်ကိုင်ထားပါတယ်။ နောင်လည်းဆက်ပြီးတော့ ပြည်သူတွေအတွက်ကို ဆက်ပြီးတော့ စွဲကိုင် ထား ဦးမယ်ဆိုတာကို ပြောချင်ပါတယ်။ ကျွန်မတို့တောက်လျှောက် အရင်နောင်တော်တွေက အခုချိန်ထိအောင် ဆောင်ရွက်နေကြတဲ့ ခုနကပြောခဲ့တဲ့ စစ်အာဏာရှင်စနစ် အကုန်ဖျက်သိမ်းရေးဆိုတဲ့ကိစ္စကို ကျွန်မတို့ လုပ်ခဲ့ တာတော်တော် ခရီးရောက်ပြီလို့ ပြောလို့ရနိုင်ပါတယ်။ နှစ်ကာလအချိန်ယူကောင်း ယူရနိုင်ပါသေးတယ်။ သို့ သော် အရင်ကထက်စာရင် ဒီတော်လှန်ရေးကြီးက ကျွန်မတို့အားလုံးကိုပိုပြီး ရှေ့ရောက်အောင် ပိုပြီး နီးစပ်အောင် တွန်းပို့ခဲ့တဲ့အခြေအနေ ဖြစ်တဲ့အခါကျတော့ တော်လှန်ရေးရည်မှန်းချက်က နီးလာပြီဖြစ်ပါတယ်။ ဒါကိုဆက်ပြီးစွဲကိုင်ပြီး ကျွန်မတို့ ဆက်ပြီးတော်လှန်သွားရမယ်။ အမြစ်ဖြတ်သွားရမယ်လို့ ပြောချင်ပါတယ်။
သံလွင်တိုင်းမ် – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘာတွေဆက်လက် လုပ်ဆောင်သွားဖို့ ရည်မှန်း ထားပါသလဲ။
ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ရဲ့ရည်မှန်းချက်က ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းစွာနဲ့ဖြစ်ပေါ်တိုးတက်ဖို့ ရည်ရွယ်တာ ပဲဖြစ်ပါတယ်။ သို့သော်လည်း လက်တွေ့ဖြတ်သန်းရတဲ့ အခြေအနေမှာ စစ်အုပ်စုကကျွန်မတို့တွေ လုပ်ကိုင် ဆောင်ရွက်ရတဲ့ တော်လှန်ရေးနည်းပုံစံတွေကို သူ့ဘက်ကဖိအားပေးတော့ ကျွန်မတို့ မဖြစ်မနေ ဆောင်ရွက်ရ တာ ရှိပါတယ်။ အရင်တုန်းကလည်း ပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တော့ ကျွန်မ တို့ ရဲဘော်တွေ ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်စသဖြင့် ဒါတွေလုပ်လာတဲ့အခါမှာ မြေအောက်တော်လှန် ရေးပါတီအနေနဲ့ တောထဲမှာနယ်စပ်မှာ လက်နက်ကိုင်ဒေသတွေမှာ ဖြတ်သန်းခဲ့ရတယ်။ အခုပြန်ပြီး စစ်အုပ်စု ကို အကုန်အစင် မဖျက်သိမ်းနိုင်သမျှ ဒါမျိုးတွေထပ်ကြုံနေရမှာပဲဖြစ်တယ်။
၂၀၂၁နွေဉီးတော်လှန်ရေးမှာ အားလုံးသိကြတဲ့အတိုင်းပဲ အာဏာသိမ်းစစ်အုပ်စုက အရင်ကထက် ပိုပြီးတော့မှ ဆိုးဝါးတဲ့နည်းလမ်းတွေသုံးပြိး လူထုကို၊ နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ရက် စက်တဲ့ နည်းလမ်းသုံးလာတဲ့အခါ ကျွန်မတို့ကမဖြစ်မနေ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေး ချယ်ကြရတဲ့ တော်လှန်ရေးတစ်ရပ်က ဖြစ်လာတယ်။ ဒီတော်လှန်ရေးကို စစ်အုပ်စုက တွန်းပို့ခဲ့တဲ့ အခြေအနေ မျိုးဖြစ်တယ်။ ကျွန်မတို့က နိုင်ငံရေးနည်းအရ ဆောင်ရွက်ချင်တာ မှန်သော်လည်း လက်နက်ကိုင်တော်လှန် ရေးကရှေ့ကို ရောက်လာတဲ့အခြေအနေမျိုးဖြစ်တယ်။ ကျွန်မတို့က ဒီကိစ္စကိုလုံးဝထောက်ခံတယ်။ ကျွန်မတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးက တရားတဲ့ခုံခံစစ်ဖြစ်တယ်လို့ ကျွန်မတို့က အဲဒီလိုယုံကြည်ပါတယ်။
ကျွန်မတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိပေမယ့် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ တော်လှန်ရေးအင်အား စုတွေကို ကျွန်မတို့ကနေတတ်နိင်သမျှပေါ့၊ ကူညီပံ့ပိုးဖို့ ကျွန်မတို့ပါတီမှမဟုတ်ပါဘူး။ အားလုံးကလည်း လုပ်နေ ကြတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းစေချင်တဲ့ဘယ်သူမဆို ဒီကိစ္စတွေကိုတတ်နိုင်သမျှ ပါဝင် ဆောင်ရွက်နေကြတော့ ကျွန်မတို့နိုင်ငံကို ကျွန်မတို့ဖြစ်စေချင်တဲ့ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့ သွေးစည်းညီညွတ်တဲ့ နိုင်ငံဖြစ်လာဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်လာဖို့ အကူအညီပေးတဲ့ ဘယ်လို ကိစ္စရပ်မျိုးကိုမဆို ကျွန်မတို့က ဘက်ပေါင်းစုံကနေ ပါဝင်သွားမှာ။ ကူညီသွားမှာ။ ကျွန်မတို့နိုင်တဲ့နေရာကနေ ကူညီသွားမှာ ဖြစ်ပါတယ်ရှင့်။
သံလွင်တိုင်းမ် – ၃၅ နှစ်ကြာရပ်တည်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အခက်အခဲဆုံးကာလဆိုရင် ဘယ်ကာလဖြစ်မလဲ။ ဒီအပေါ်မှာဆွေးနွေးပေးပါဦး။
ဒေါ်နှင်းနှင်းမွှေး – စစ်အုပ်စုကနေ ကျွန်မတို့ပါတီကို တရားဝင်နိုင်ငံရေး ပါတီအဖြစ်ကနေ သူတို့ကြေညာချက် ထုတ် ဖျက်သိမ်းခဲ့တယ်။ ကျွန်မတို့နဂိုတည်းက ၂၀၂၁နွေဉီးတော်လှန်ရေးစတင်တည်းက အာဏာသိမ်းစစ်အုပ် စုကို ဘယ်လိုနည်းလမ်းနဲ့မှ မပူးပေါင်းဘူးဆိုတာ ကျွန်မတို့ သဘောထားချမှတ်ထားပြီးသား ဖြစ်ပါတယ်။ ကြေ ညာချက်တွေလည်း ထုတ်ခဲ့တယ်။ သူတို့ရဲ့ဖိတ်ခေါ်မှုတွေ၊ ကမ်းလှမ်းမှုတွေအားလုံးကိုလည်း ကျွန်မတို့ ငြင်း ပယ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ယန္တရားတွေမှာ ပါဝင်ဖို့ဆိုတဲ့ကမ်းလှမ်းချက်ကိုလည်း ကျွန်မတို့ ငြင်းပယ်ခဲ့တယ်။ ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိဘူး။ မရှိတဲ့အခါ ကျွန်မတို့ကတဖက်ကနေ ပြန်ကြည့်မယ်ဆိုရင် ကျွန်မတို့လုပ်ချင်တဲ့ နိုင်ငံရေးအလုပ်ကိုလုပ်ဖို့ဆိုရင် နည်းပရိယာယ်ကြွယ်ဝဖို့ လိုတာဖြစ်တယ်။ သို့သော်လည်း ပြည်သူကိုဖိနှိပ်တဲ့ စစ်အုပ်စုနဲ့ ဘယ်လိုမှမပူးပေါင်းနိုင်ဘူးဆိုတော့ ကျွန်မတို့ရဲဘော်တွေရဲ့ လုံခြုံရေး၊ ကျွန်မတို့ရဲဘော်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို သွားနိုင်ဖို့အတွက် ကျွန်မတို့က နည်းလမ်းအမျိုးမျိုး အခြေအနေနဲ့ ကိုက်ညီအောင် ကျင့်သုံးရတာတွေရှိပါတယ်။ ကျွန်မတို့ရဲ့ ပြည်တွင်းလုပ်ငန်းအင်အားစုတွေ ရှိမယ်။ နိုင်ငံတကာနဲ့ ပြည်သူနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေရှိတယ်။ တော်လှန်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရတာတွေ ရှိတဲ့ အခါကျတော့ ကျွန်မတို့ပါတီရဲ့ နည်းလမ်းသုံးသွယ်မှာတော့ ကျွန်မတို့ပါတီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေ တယ်လို့ အကျဉ်းချုပ်ပြီးတော့ ပြောချင်ပါတယ်ရှင့်။
ခက်ခဲဆုံးကာလတွေလို့ ကျွန်မတို့ ပြန်သုံးသပ်တဲ့အခါမှာ မခက်ခဲတဲ့အချိန် မရှိခဲ့ဘူးလို့ ကျွန်မကတော့ အဲဒီလိုပဲ မြင်ပါတယ်။ ဘာကြောင့်ဆို စစ်အုပ်စုရဲ့ သဘောက သူတို့ကိုအံတုတယ်၊ တော်လှန်တယ်ဆိုရင် ပုံသဏ္ဍာန်မျိုး စုံကို ဒီလူတွေကို ဖိနှိပ်တာပဲ။ သူတို့ရဲ့အာဏာတည်မြဲရေး၊ သူတို့ရဲ့အကျိုးစီးပွားတွေ ဆက်လက်ပြီးမှ တည်မြဲ နိုင်ရေးအတွက် ဘယ်အဖွဲ့အစည်းကိုမဆို၊ ဘယ်နိုင်ငံရေးပါတီကိုမဆို၊ ဖိနှိပ်လိုက်ဖို့ ဝန်မလေးတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဖြစ်တဲ့အခါမှာ ကျွန်မတို့ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေက ပြောရရင် ပြောလို့မကုန်တဲ့ ကာလတွေရှိခဲ့ပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ထောင်ထဲမှာဖြတ်သန်းရတဲ့အချိန်တွေရှိတယ်။ တခြားပါတီ ခေါင်းဆောင်တွေ ပါတီရဲဘော်တွေလည်း စစ်ကြောရေးမှာကျသွားတဲ့ သူတွေရှိတယ်။ ရန်သူကဖမ်းဆီးပြီး ရက်ရက်စက်စက်နှိပ်စက်နေပြီးတော့မှ သတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ ဒါတွေ အားလုံး ဘယ်အချိန်ဘယ်ကာလက ခက်ခဲတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်။ သို့သော် ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် စစ်အုပ်စုရဲ့ ရင်ဆိုင်နေရတဲ့ကာလတလျှောက်မှာ နွေဉီးတော်လှန်ရေးက ပိုပြီးခက်ခဲနေတဲ့ အခြေအနေတော့ဖြစ်ပါတယ်။ အခုအာဏာသိမ်းတဲ့ စစ်အုပ်စုက အရင်စစ်အုပ်စုတွေထက် ပိုပြီးမိုက်မဲတဲ့ ရက် စက်ကြမ်းကြုတ်တဲ့ လူစိတ်ပျောက်နေတဲ့ သူခိုးဓါးပြသာသာ အုပ်စုဖြစ်နေတဲ့အတွက် သူတို့ကို ရင်ဆိုင်ဖို့ အတွက် ကျွန်မတို့ကတော်တော်ကိုပဲ ဘက်ပေါင်းစုံကနေ ကြိုးစားကြရတယ်။ ရှာဖွေကြရတယ်။ ဒီအခက်အခဲ တွေကို ရင်ဆိုင်တောင့်ခံနိုင်ဖို့အတွက် ကျွန်မတို့ အမျိုးမျိုးကြိုးစားရတဲ့ အချိန်ကာလတော့ ဖြစ်ပါတယ်။ ပြန်ပြော ရရင် တောက်လျှောက်ခက်ခဲခဲ့တာ မှန်တယ်။ လက်ရှိကာလကတော့ အခက်ခဲဆုံးကာလ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်ရှင့်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်တပ်ကို မြန်မာ့နိုင်ငံရေးထဲက ဖယ်ရှားနိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေက ဘယ်လောက်တောင် အဟန့်အတားဖြစ်နေလဲ။ သုံးသပ်ပေးပါဦး။
ဒေါ်နှင်းနှင်းမွှေး – လာရာရော၊ လားရာရော မကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်လို့ ကျွန်မတို့က အဲဒီ လိုပဲပြောချင်ပါတယ်။ ၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခေါ်အရဆို တောင်ပြိုကမ်း ပြိုနိုင်င်ခဲ့တယ်။ အဲဒီလိုအခြေအနေမှာ တပ်ကပါတီစုံရွေးကောက်ပွဲလုပ်ပြီးရင် တန်းလျားကို ပြန်သွားပါမယ်ဆို တဲ့ ကတိကိုပြောပြောင်တင်းတင်းချိုးဖောက်ပြီးတဲ့အခါကျတော့ သူတို့ကိုအမျိုးသားညီလာခံကြီးဆိုတာကို ခေါ် ပြီးတော့ ဒီဥပဒေကို ရေးဆွဲခဲ့တယ်။ ရေးဆွဲပြီး ဒါကိုပြဌာန်းတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံမှာ အားလုံးသိကြတဲ့အ တိုင်းပဲ နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီး ပြည်သူတွေသိန်းနဲ့ချီ ပျက်စီးရတယ်။ ပြည်သူတွေကို သေတဲ့စာရင်းမသွင်း ဘဲ လူရှင်စာရင်းမှာသွင်းတော့ သေသွားတဲ့ ပြည်သူတွေကပါ ထောက်ခံပါတယ်ဆိုပြီး ၂၀၀၈ကိုပြဌာန်းခဲ့တာဖြစ် ပါတယ်။ ၂၀၀၈ကို သူတို့အချိန်ယူပြီးဆွဲခဲ့တာ စစ်တပ်ရဲ့အာဏာ၊ စစ်တပ်ရဲ့ယန္တရားကို ကာကွယ်ဖို့ စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်ဖို့အတွက်ရည်ရွယ်ပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အပေါ်ယံမှာ ဒီမိုကရေစီအခွင့်အလမ်းကို ပေးထားသယောင်ဖြစ်တယ်။ အပေါ်ယံအချက်အလက်တွေရှိတယ်။ သူတို့ဒါကိုပဲ ဥပဒေဆိုပြီးတော့ ပြဌာန်းခဲ့ တယ်။ တကယ့်အတွင်းပိုင်း အနှစ်သာရမှာတော့ စစ်တပ်ကိုအချိန်မရွေး အာဏာသိမ်းခွင့်ပေးထားတာပဲလေ။ အခုလက်တွေ့မှာလည်း အဲဥပဒေဆိုတာကိုကိုင်ပြီး ဥပဒေပါအချက်အလက်တွေ သူတို့ချိုးဖောက်ပြီးတဲ့အခါ ကျတော့ စစ်တပ်ကနေ အာဏာသိမ်းခဲ့တာပဲ ဖြစ်တယ်။ ၂၀၀၈ခြေဥရှိနေသမျှကတော့ စစ်တပ်ရှိနေသမျှက တော့ ကျွန်မတို့နိုင်ငံက ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုလည်း ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ၂၀၀၈ခြေဥက ကျွန်မတို့နိုင်ငံရဲ့ အဓိက ရန်သူ ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ ဒါကိုအမြစ်ပြတ်သွား အောင် ကျွန်မတို့ အဆုံးထိတိုက်ထုတ်ရမှာဖြစ်တယ်။ ကျွန်မတို့ အားလုံးပါဝင်ရေးဆွဲထားတဲ့ သဘောတူထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရှိဖို့ အရေးကြီးတယ်လို့ ကျွန်မက ပြောချင်ပါတယ်ရှင့်။