သထုံ၊ အောက်တိုဘာ(၂၃)

မွန်ပြည်နယ်၊ သထုံမြို့နယ်ဒုံဝန်းကျေးရွာနဲ့ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တံတားအနီး မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ဘုရားဖူးယာဉ် မိုင်းထိပြီး အရပ်သား ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းကနေ သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ လိုက်ထရပ်အမျိုးအစား ဘုရားဖူးယာဉ်ဟာ ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်က မော်လမြိုင်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) အရောက်မှာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

ဘုရားဖူးယာဉ် မိုင်းထိမှန်တာကြောင့် ယာဉ်မောင်းဦးဝဏ္ဏကျော်နဲ့ ယာဉ်ပေါ်ပါလာတဲ့ ဘုရားဖူးပြည်သူ မထက်ထက်အောင်တို့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဘုရားဖူးယာဉ်လည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရသွားတဲ့သူတွေကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေထံကနေ သိရပါတယ်။

ဒေသခံတွေအဆိုအရ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတဲ့ ဘုရာဖူးယာဉ်ဟာ ဧရာဝတီတိုင်းဘက်ကနေ မွန်ပြည်နယ်ကို ဘုရားဖူးလာတဲ့ ခရီးဧည့်သည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်မှာ ခရီးသည်တင်ယာဉ်မိုင်းထိပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တာသေးတာ ဖြစ်ပါတယ်။

မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ အာဏာသိမ်းကာလအတွင်း မကြာခဏ မိုင်းပေါက်ကွဲတာ၊ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.