မကွေး – အောက်တိုဘာ(၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးတဲ့ စုဖွဲ့လေ့ကျင့် လက်နက် တပ်ဆင်မှုသင်တန်းအပတ်စဉ် (၇) သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉) ရက်နေ့က NUG အစိုးရ စိုးမိုးနယ်မြေတနေရာမှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
အခမ်းအနားကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်းတာဝန်ခံ၊ ခရိုင် ရေးထောက် တာဝန်ခံတွေ၊ တပ်ရင်းမှူး/ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုဖွဲ့လေ့ကျင့် လက်နက် တပ်ဆင်မှုသင်တန်းအပတ်စဉ် (၇) သင်တန်းကို တပ်ရင်းတပ်ဖွဲ့အသီးသီးက PDF ရဲဘော်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တွေတက်ရောက်ခဲ့ပြီး လက်နက် တပ်ဆင်ပေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မကွေးတိုင်းအတွင်းက PDF တပ်ရင်း(၂၉) ရင်းကို NUG အစိုးရက လက်နက်တပ်ဆင်ပေးထားပြီးပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုဘတ်ဂျက်က ရန်ပုံငွေ၊ အများပြည်သူလူထုရဲ့ လက်နက်တပ်ဆင်ရေး ပရောဂျက်တွေအတွက် ထည့်ဝင်လှူဒါန်း မှုတွေကို စစ်ပညာသင်တန်းတွေနဲ့ လက်နက်တပ်ဆင်တာတွေအတွက် အသုံးပြုနေတာဖြစ်တယ် လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD