မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ကချင် လိုင်ဇာ၊မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှုက စကစ လက်ချက်မဟုတ်၊ အမိုနီယမ်နိုက်ထရိတ် လက်နက်ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုသာဖြစ်တယ်“ ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေနဲ့ မှိုင်းဝေ၊ ဟန်ငြိမ်းဦးစတဲ့ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်တွေကနေ အောက်တိုဘာလ၁၆ ရက်နေ့မှာ စတင်ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ အောက်တိုဘာလ ၉ရက်နေ့ညက ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုမှာ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ စခန်းအနီးမှာ ကြီးမားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး၊ စစ်ကောင်စီတပ်တွေရှိနေတဲ့ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က သတင်းထုတ်ပြန်ထားတာကို RFAသတင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

တိုက်ခိုက်မှနောက်ပိုင်း ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို AI အဖွဲ့က ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒီတိုက်ခိုက်မှုမှာ အသုံးပြုတဲ့ လက်နက်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေ တော်တော်များများ ပြိုလဲကျသွားပြီး၊ မီးတွေ လောင်ကုန်တဲ့အပြင် ပေါက်ကွဲမှုကြောင့် မြေပြင်မှာ ရှိနေတဲ့သူတွေဟာလည်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပြတ်ထွက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားချက်အရ စိစစ်တွေ့ရှိရပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို စစ်တပ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၈ ယောက် သေဆုံးခဲ့ပြီး အဲဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားသလို လွတ်လပ်သော သတင်းဌာနတွေရဲ့ကလည်း သတင်းဖော်ထုတ်ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေသလို KIA စခန်းအနီး ပေါက်ကွဲမှုဖြစ်တာ တပ်မတော်က ဗုံးကြဲလို့ မဟုတ်ဘဲ KIAသင်တန်း လာဖွင့်ရာကနေ လက်နက်ခဲယမ်းထားသည့် နေရာကနေ ပေါက်ကွဲမှု ဖြစ်တာဆိုပြီး စစ်တပ်လော်ဘီချန်နယ်များမှ ဇာတ်ကြောင်းများစွာဖြင့် သတင်းအမှားတွေ ဖြန့်ဝေနေခြင်း ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

RFAသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်-

https://shorturl.at/nGJPW

Mynamar Nowသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်-

https://shorturl.at/anqrB

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ကချင် လိုင်ဇာ၊မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှုက စကစ လက်ချက်မဟုတ်၊ အမိုနီယမ်နိုက်ထရိတ် လက်နက်ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုသာဖြစ်တယ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.