ကျောက်ကြီး၊ အောက်တိုဘာ(၁၉)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ တစ်ရက်တည်း စစ်ကောင် စီကနေ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် KNLA ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
အဲဒီနေ့ တစ်ရက်တည်း စစ်ကောင်စီလေတပ်ကနေ ကျောက်ကြီးမြို့နယ် လယ်ထူး၊ ကဒီးစူ၊ ပယ်ဝါးဒဲကျေးရွာတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်၊ စက်သေနတ် ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အဆောက်အဦး ၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာလည်း ကွီးလားရွာ၊ ထီးရိုးထော်ပလောနဲ့ စေးဘောဒဲကျေး ရွာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ စက်သေ နတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိမရှိကိုမူ စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနီးအနားရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လယ်ဒိုအထက်တန်းကျောင်း၊ ခလယ်လွီထူ ဂျူနီယာကောလိပ်၊ လယ်ဝါး အထက်တန်းကျောင်း၊ ကွီးလား အလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်း၊ ခေါလိုကလိုး မူလတန်းကျောင်းတွေ ယာယီပိတ်ထားခဲ့ရတယ်လို့ KNU က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၂ သိန်းကျော်အထိရှိလာပြီး လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU