ဝါရှင်တန် ၊ အောက်တိုဘာ(၁၉) 

အရင်က Twitter လို့ လူသိများတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း X က သာမန်သုံးစွဲမှုတွေအတွက် နှစ်စဉ်ကြေးအဖြစ် တစ်ဒေါ်လာ စမ်းသပ်ကောက်ခံသွားမယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

“Not A Bot” လို့ ခေါ်တဲ့ စာရင်းသွင်းမှု ပုံစံအသစ်ဟာ သုံးစွဲသူတွေကို လိုက်ခ်လုပ်တာ၊ ပြန်လည် တင်ပြတာ ဒါမှမဟုတ် အခြားအကောင့်တွေရဲ့ ပို့စ်တွေကို ကိုးကားတာနဲ့ ပလပ်ဖောင်းရဲ့ ဝဘ်ဗားရှင်းမှာ သိမ်းဆည်းတဲ့ပို့စ်တွေအတွက် တစ်ဒေါ်လာ ကောက်ခံသွားဖို့ စီစဉ်ထားတာပါ။ 

စာရင်းသွင်းမှုပုံစံအသစ်ကို မိတ်ဆက်ရတာကတော့ သုံးစွဲသူတွေကို နှောင့်ယှက်ပေးနေတဲ့ စာတိုပေးပို့တဲ့ ဘော့တ်တွေနဲ့ spammers တွေကို တိုက်ဖျက်ဖို့ဖြစ်တယ်လို့ X က ဆိုပါတယ်။ 

ဒါ့အပြင်ကောက်ခံမယ့် နှစ်စဉ်ကြေးဟာ ငွေလဲနှုန်းပေါ်မူတည်ပြီး နိုင်ငံတစ်ခုနဲ့တစ်ခု ကွဲပြားမှာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ဒီပုံစံအသစ်ကို နယူးဇီလန်နဲ့ ဖိလစ်ပိုင်ရှိ သုံးစွဲသူတွေအတွက် ပထမဆုံးစတင်သွားမှာဖြစ်တယ် လို့ X ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

ဒီစမ်းသပ်မှုအတွင်း ရှိနှင့်ပြီးသား သုံးစွဲသူတွေကို ထိခိုက်မှုမရှိပေမယ့် စာရင်းသွင်းဖို့ ဆန္ဒမရှိတဲ့ သုံးစွဲသူအသစ်တွေကတော့ ပို့စ်တွေကို ကြည့်ရှုတာ၊ ဖတ်ရှုတာ၊ ဗီဒီယိုတွေကြည့်ရှုတာနဲ့ အကောင့်တွေကို ဖော်လိုလုပ် ခြင်းတို့ကိုသာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

သုံးစွဲသူတွေကို စာတိုပေးပို့အနှောင့်အယှက်ဖြစ်စေတဲ့ ဘော့တ်ကိစ္စဟာ အရင်နှစ်က ကုမ္ပဏီကို ဝယ်ယူခဲ့တဲ့ အီလွန်မက်စ်အတွက် အငြင်းပွားဖွယ် ပြဿနာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ဇူလိုင်လကလည်း X က သူ့ရဲ့အသုံးပြုသူတွေဟာ အစစ်အမှန် ဖြစ်ကြောင်း သေချာစေ ဖို့ တွစ်တာကြည့်ရှုခြင်းအပေါ် ကန့်သတ်ချက်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ 

အခုလအစောပိုင်းမှာ X စီအီးအို လင်ဒါက X ရဲ့သက်ဆိုင်သူတွေနဲ့ကုမ္ပဏီ ဘက်အသုံးပြုသူတွေ ကို ပြသတဲ့ ကြော်ငြာအရေအတွက်ပေါ်မူတည်ပြီး စာရင်းသွင်းဝန်ဆောင်မှု အဆင့်သုံးဆင့်ကို စမ်းသပ်ဖို့ ရှိတယ်လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.