ရေး – အောက်တိုဘာ(၁၈)

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းဟာ ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၅၂ နှစ်အရွယ် ဦးဇော်နိုင်လင်းဟာ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “ဖူး”လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေစဉ် ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတစ်ဦးက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးဇော်နိုင်လင်းဟာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဦးဇော်နိုင်လင်း ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်အတွင်း လက်ဖက်ရည်ဆိုင်ထဲ ဆွမ်းခံကြွလာတဲ့ ရေးမြို့နယ် ကလော့လေးကျေးရွာ ဆင်တောင်ဘုန်းကြီးကျောင်း ဆရာတော် အရှင်သုန္ဒရ လက်မောင်းကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် တစ်နာရီလောက်အကြာမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ရေးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီးလူအဖွဲ့က ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကံလှကျေးရွာမှာ စစ်ကောင်စီရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းက အရာရှိတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.