ပုလော၊ အောက်တိုဘာ(၁၈)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ဈေးဆိုင်တွေမှာ ဆန်ရောင်းချခွင့်ကို စစ်ကောင်စီရေတပ်က ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
စစ်ကောင်စီရေတပ်က အောက်တိုဘာ ၁၂ ရက်နေ့ကစတင်ပြီး ကျေးရွာထဲက ဈေးဆိုင်တွေမှာ ဆန်ရောင်းချခွင့်မပေးဘဲ သူတို့ခွင့်ပြုထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေထံမှာသာ ဆန်ဝယ်ယူရမယ်လို့ နှုတ်အမိန့်နဲ့ ညွှန်ကြားလာတာပါ။
ကျေးရွာအတွင်းက ဈေးဆိုင်တွေမှာ ခွင့်ပြုချက်မရဘဲ ဆန်တွေခိုးရောင်းကြောင်း စစ်ဆေးဖမ်းဆီးခံရပါက ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ဖို့ အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဆန်ဝယ်ယူရာမှာလည်း လိုအပ်သလောက်ဝယ်ယူလို့မရဘဲ အိမ်ထောင်စုအတွင်းရှိ လူဦးရေအပေါ်မူတည်ပြီး ခွဲတမ်းနဲ့သာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရေတပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ရေရှည်မှာ ဆန်ပြတ်လပ်မှာကို ဒေသခံတွေ စိုးရိမ်နေကြသလို ဆန်ဝယ်ရာမှာလည်း အပြင်ဈေးထက် တစ်ပြည်လျှင် ကျပ် ၁၀၀၀ နီးပါး ဈေးပိုပေးရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
ကျောက္ကာကျေးရွာဟာ ပင်လယ်ကျွန်းစု ကျေးရွာတစ်ရွာဖြစ်ပြီး လူဦးရေတစ်ထောင်ကျော်နေထိုင်ကာ ရေလုပ်ငန်းကိုသာ အများစုလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
ပုလောမြို့နယ် ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ် စစ်သင်္ဘော ၃ စီး အမြဲရှိနေတတ်ပြီး ကျေးရွာထဲကို မကြာခဏဝင်ရောက်စစ်ဆေးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ