နေပြည်တော် ၊ အောက်တိုဘာ(၁၈)

ဒို့တာဝန်အရေးသုံးပါးနဲ့ ပါတီစုံဒီမိုကရေစီနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိရင် တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ NCA ၈ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ခံတွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က NCA စာချုပ်လက်မှတ်ရေးထိုးမှု၊ မြန်မာစစ်တပ်ရဲ့ NCA လမ်း ကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေတွေအပြင် ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီကို ထိခိုက်မှုမရှိရင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဘယ်အဖွဲ့အစည်းကို ရည်ညွန်းပြီး တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

ဒို့တာဝန်အရေးသုံးပါးဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံလမ်းစဉ်မူဝါဒလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက KNU ကြေညာထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို စစ်ကောင်စီဘက်က မလိုက်နာဘဲနဲ့ တွေ့ဆုံဆွေးနွေးဖို့ လုံးဝမစဉ်းစားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အကြမ်းဖက်စစ်တပ်ဟာ တပ်မတော်နဲ့ လုံးဝမထိုက်တန်ဘူးဆိုတာ ပြောချင်တယ်။ ဒီကနေ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီပါတီစုံစနစ်နဲ့ လုံးဝမထိုက်တန်သလို ဖက်ဒရယ်သွားမယ့် ခရီးလမ်းနဲ့လည်း ဆန့်ကျင်ဘက် အကုန်လုံးလျှောက်လုပ်နေတဲ့အပေါ်မှာ ဘာမှပြောစရာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ ရပ်တည်ချက်တွေ ဖော်ပြပြီးသားမို့ အဲဒီအချက်အလက်တွေ လုံးဝမလိုက်နာဘဲနဲ့ ကျွန်တော်တို့ လုံးဝမစဉ်းစားဘူးလို့ပဲ ပြောပါရစေ”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက KNU အပါအဝင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ အပစ်ရပ်ထိုး CNF နဲ့ ABSDF တို့က အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေးကမထွက်မချင်း တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးဆိုတဲ့ ဘုံနိုင်ငံရေးရပ်တည်ချက်တွေကို ပူးတွဲထုတ်ပြန်ထားတာပါ။

အရပ်သားပြည်သူတွေ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် NCA စာချုပ်ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်ကငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်လိုက်ကြောင်း ပေါ်လွင်စေတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်ကောင်းစေဖို့ သက်ဆိုင်သူအားလုံးက တူညီတဲ့ဆန္ဒတွေနဲ့ လုပ်ဆောင်ဖို့လိုအပ်သလို တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားဖို့ ပြောဆိုခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်တာဖြစ်စေ၊ မထိခိုက်တာဖြစ်စေ ဆွေးနွေးရမယ့်တာဝန်ရှိပြီး အခုပြောဆိုမှုဟာ မဆွေးနွေးဘူးဆိုတဲ့ ပြောခြင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ဒါကသူ့ (စစ်ကောင်စီ)အနေနဲ့ ဆွေးနွေးရမယ့် တာဝန်ရှိတယ်။ မထိခိုက်အောင် ဆွေးနွေးကြပေါ့။ ဒါကလုပ်လို့မရဘူးဆို မရဘူးပေါ့။ အဲဒီလို ပြောဖို့ပဲရှိတယ်။ ကြိုပြီးတော့ ဒါတွေကိုထိခိုက်ရင် မဆွေးနွေးနိုင်ဘူးဆိုရင် အဲဒီကိစ္စနဲ့လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်က မရှိဘူးဆိုတော့ ဒါကမဆွေးနွေးနိုင်ဘူးဆိုတဲ့ ပြောခြင်းနဲ့အတူတူပဲ။ အဲဒါကြောင့် ဒီနေ့ဖြစ်နေတဲ့ကိစ္စက ဖက်ဒရယ်နဲ့ဒီမိုကရေစီကိစ္စ။ ဒါတွေအတွက် ဘယ်အဖွဲ့အစည်းကပြောပြော ဘယ်အဖွဲ့အစည်းအနဲ့ ဆွေးနွေးဆွေးနွေး ဒါသူတို့ဘက်က နားထောင်ပြီး ပြန်ပြီးအဖြေရှာရမယ့် အခြေအနေမျိုးဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အထိ သူတို့ကိုဆန့်ကျင်ကြတဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာကို ကျူးလွန်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို နိုင်ငံအနှံ့နီးပါး သာလွန်အင်အားနဲ့ စစ်ရေးတိုးချဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံညိုနှိုင်းရေးဆွေးနွေးပွဲတွေဆီ အရောက်လှမ်းခဲ့ကြပါလို့ NCA အခမ်းအနားမှာ ဖိတ်ခေါ်ထားထာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.