ဘန်ကောက်၊အောက်တိုဘာ (၁၈) 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို အပြည့်အဝ ထောက်ခံကြောင်း စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး မစ္စတာ ဆီဟက်ဆာက ကတိပြုပြောကြားခဲ့ပါတယ်။ 

ဒုဝန်ကြီး မစ္စတာ ဆီဟက်ဆာက NCA စာချုပ်ရဲ့ ရည်မှန်းချက်ဟာ သက်ဆိုင်သူအားလုံးပါဝင် ပြီး အားလုံးအကျုံးဝင်တဲ့ ဆွေးနွေးပွဲတွေကနေတဆင့် ဂုဏ်သိက္ခာနဲ့တရားမျှတမှု နည်းနာတွေ အခြေခံပြီး ငြိမ်းချမ်းရေးကို ခိုင်ခံ့မြဲမြံစေတဲ့အတွက် အပြည့်အဝထောက်ခံတယ်လို့ ပြောဆိုခဲ့ တာပါ။ 

ထိုင်းအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုအဖြစ် မှတ်ယူထားတာကြောင့် အဲဒီသဘောတူညီချက်ကို အစကတည်းက ထောက်ခံအားပေးမှုတွေလုပ်ခဲ့တာလို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးဆီသွားမယ့် လမ်းကြောင်းဟာ သက်ဆိုင်ရာ နိုင်ငံလူထုကိုယ် တိုင်က ဆုံးဖြတ်တာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာပိုင်ဆိုင်တဲ့ ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းမှုတွေအပေါ် အခြေခံစေလိုတယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ထောက်ပြပြောဆိုခဲ့ ပါတယ်။ 

“မြန်မာနဲ့ ထိုင်းတို့ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးဟာ နီးနီးကပ်ကပ် ချိတ်ဆက်ပြီး ရောယှက်နေပါတယ်။ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်အကျိုးရှိစေမယ့် စစ်မှန်တဲ့ မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ဖို့ ကတိကဝတ်အတိုင်း အခိုင်အမာ ဆက်လက်ရပ်တည် နေပါတယ်” လို့လည်း ပြောကြားခဲ့ပါသေးတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အစုအဖွဲ့အားလုံးကို ဒီလမ်းကြောင်းအတိုင်း ဆက်လက် သွားနိုင်ဖို့ တိုက်တွန်းလိုကြောင်းနဲ့ မြန်မာပြည်သူပြည်သားအကျိုးအတွက် ရှေ့ခရီးလမ်းကိုရှာဖို့ ကြံ့ကြံ့ခံ့ ရင်ဆိုင် ကျော်လွှားကြဖို့ အစုအဖွဲ့အားလုံးကို တိုက်တွန်းလို ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

“ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်တို့ မျက်မြင်တွေ့နေရချိန်မှာ တော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုကာကွယ်ဖို့ အရေးကြီးတယ်လို့ သတိပေး ထားပါတယ်။ စိန်ခေါ်မှုများစွာကြောင့် ငြိမ်းချမ်းရေးလမ်းစဟာ ဘယ်သောအခါမှ မလွယ်ကူ နိုင်ပါဘူး။ စိတ်ပိုင်းဖြတ်မှု၊ သတ္တိနဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်။ စေ့စပ်ဆွေးနွေးမှု၊ ညှိနှိုင်း မှုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကနေသာ ငြိမ်းချမ်းရေးကို အောင်မြင်နိုင်မှာပါ” လို့ သူကပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ NCA စာချုပ် ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲ အပိတ်မိန့်ခွန်းပြောကြားစဉ် မစ္စတာ ဆီဟက်ဆာက မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးဟာ ထိုင်းနိုင်ငံရဲ့ လိုလား ချက်လည်းဖြစ်သလို အာဆီယံရဲ့ လိုလားချက်လည်းဖြစ်တယ်လို့ ပါရှိပါတယ်။ 

Ref – Thai PBS World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.