“မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေ မရှိသလောက်ဖြစ်တဲ့အတွက်ကြောင့် စာသင်ကျောင်းတွေမှာတောင်မှ စစ်တပ်စာသင် ကျောင်းမရှိသလောက်ဖြစ်နေပြီ။ သူတို့ရဲ့အုပ်ချုပ်ရေးတွေ မရှိသလောက်ဖြစ်နေပြီ”
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာ အရပ် ရပ်ကို လက်နက်အားကိုး မတရားစစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ ခုခံစစ်ဟာ အခုဆိုရင် နှစ်နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီး ဖြစ်ပါတယ်။ နှစ်နှစ်အတွင်း ပြောင်းလဲ လာတဲ့ နွေဦးတော်လှန်ရေး အခြေအနေ၊ Burma Act ဥပဒေ အကောင်အထည် ဖော်ဆောင်မှု၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်မလဲ။
တော်လှန်ရေးအင်အားစု အချင်းချင်းကြား ပွတ်တိုက်မှုတွေ လျှော့ချဖို့ ဘာတွေ ပြင်ဆင်ထားပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ် မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး အမေရိကန်အစိုးရက တော်လှန်ရေးအင်အားစုတွေကို ကူညီဖို့ ပြဌာန်းထားတဲ့ Burma Act ဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်မှု ဘယ်အခြေအနေအထိ ရောက်ရှိနေပြီလဲ။
ဦးကျော်ဇော – Burma Act ကအတည်ပြုလိုက်ပါတယ်။ မနှစ်ကဒီဇင်ဘာလမှာ အတည်ပြုပြီး လွှတ်တော်ကအတည်ပြုတယ်။ သမ္မတကလက်မှတ်ထိုးပြီး ဖြစ်တယ်။ ဘယ်လိုကဏ္ဍတွေ အကူအညီပေးမယ်ဆိုတာ ပြဌာန်းပြီးသွားပြီ။ NUG, NUCC တို့၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဆိုတာ ဖော်ပြထားတာ။ အမေရိကန်အစိုးရအ နေနဲ့ ဘယ်လိုကဏ္ဍမှာ အကူအညီ ဘယ်လောက်ပေးမယ်ဆိုတာ သူတို့ ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတာ သိရတယ်။ အထက်လွှတ်တော်မှာအကြံပြုတဲ့ ပမာဏကတစ်ခု၊ အောက်လွတ်တော်မှာအကြံပြုတဲ့ ပမာဏကတစ်ခု။ လွှတ်တော်နှစ်ရပ်မှာ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် Burma Act ကနေ ဘယ်လောက် ကူညီမယ်ဆိုတာ ညှိနှိုင်းနေတယ်။ အတည်ပြုပြီးတဲ့အခါကျရင် ကူညီရမယ့်အဖွဲ့အစည်းတွေကနေပြီးတော့ ဥပဒေထဲမှာ ပြဌာန်းထားတဲ့ ကူညီပေးရမယ့်အဖွဲ့အစည်းတွေကနေ ဥပဒေထဲမှာပြဌာန်းထားတဲ့ ကူညီရမယ့်အဖွဲ့အစည်းတွေကို ကူညီပေးဖို့အတွက် ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း မြန်မြန်ဆန်ဆန်နဲ့ ဘယ်လောက်ကူညီမယ်။ ဘယ်လိုကူညီမယ်ဆိုတာ ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းနေတာကို တွေ့ရပါတယ်။
သံလွင်တိုင်းမ် – ဒီနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာ တစ်နေ့တခြား မြင့်တက်လာပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်နေလဲ။
ဦးကျော်ဇော – အမျိုးသားညီညွတ်ရေးအစိုးရက လေကြောင်းရန်ကိုပစ်ချဖို့ လက်နက်တချို့ရရှိထားတယ်။ ကျွန်တော်တို့အနေနဲ့ နေရာအနှံ့ဖြန့်ကျက်ထားတာ မရှိဘူး။ အကန့်အသတ်ပဲရှိတယ်ဆိုတာ ပြောကြားတာ။ တချို့ နေရာတွေဆိုရင် ကရင်နီပြည်နယ်မှာဆိုရင်လည်း စစ်တပ်ရဲ့ဂျက်လေယာဉ်ပျံတစ်စင်း ပစ်ချခံရတာ တွေ့ပါလိမ့် မယ်။ တိုင်းရင်းသားဒေသမှာ သူတို့ရဲ့ရိက္ခာလာချတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပစ်ချခံရပြီး ပျက်စီးသွား တာ တွေ့ရပါလိမ့်မယ်။ ပေပေါင်းထောင်သောင်းနဲ့ချီ အမြင့်ကနေပစ်နိုင်တဲ့ဟာတော့ မရှိသေးတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့်အကန့်အသတ်နဲ့ပဲ ရှိတယ်လို့ ပြောတာ။ တစ်တိုင်းပြည်လုံးမှာ မကာကွယ်နိုင်ဘူးဆိုတာလည်း တွေ့နေရပါတယ်။ နိုင်ငံတကာကိုပြောကြားနေတာက အရပ်သားပြည်သူလူထုကို ကာကွယ်ဖို့အတွက် နည်းပညာတွေပေးဖို့အတွက် အကူအညီတောင်းတယ်။ စစ်တပ်တိုက်နေတဲ့ အများစုက အရပ်သားပစ်မှတ်တွေ ဖြစ်တယ်။ မကြာသေးခင်ကဖြစ်သွားတာလည်း အရပ်ဖက်ပစ်မှတ်တောင်မှ ဒုက္ခသည်စခန်းကို နှစ်ထပ်ကွမ်းဒုက္ခ ရောက်အောင်လုပ်တာ။ ဒါတွေကိုကာကွယ်ဖို့ အမျိုသားညီညွတ်ရေးအစိုးရကို နည်းပညာအကူအညီနဲ့ ကာကွယ်ရေးအတွက် အနိမ့်ဆုံးလူထုကိုသတိပေးနိုင်တဲ့ စနစ်တစ်ခုတည်ဆောက်နေတာကို ကူညီပေးဖို့အတွက် တောင်းဆိုချင်ပါတယ်။
သံလွင်တိုင်းမ် – စစ်ကောင်စီထံ လက်နက်စီးဆင်းမှုရပ်တန့်ဖို့ ဘာတွေလုပ်ဆောင်နေလဲ။ လတ်တလော ကြိုးပမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဦးကျော်ဇော – လက်နက်မစီးဆင်းနိုင်အောင် နိုင်ငံတကာကို စီးပွားရေးတိုက်ပွဲဝင်တဲ့ ကဏ္ဍရှိတယ်ဆိုတာ စစ်ကောင်စီရဲ့လက်နက်မဝယ်နိုင်အောင် စီးဆင်းတဲ့လမ်းကြောင်းတွေ ပိတ်ဆို့တာတွေလုပ်နေတယ်။ ပြည်တွင်းရော၊ ပြည်ပရော၊ ပြည်တွင်းမှာ စစ်ကောင်စီနဲ့အပေါင်းပါတွေထုတ်တဲ့ ကုန်စည်ပစ္စည်းတွေကို မဝယ်ဖို့ အားလုံး သပိတ်မှောက်နေကြတယ်။ သေနတ်တွေတကားကားနဲ့ ဘီယာတွေလိုက်ရောင်းခိုင်းနေတယ်။ ရန်ကုန်မှာကြား တယ်။ ပြည်သူလူထုက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို ဝယ်မသုံးစွဲဖို့ သတိပြုသင့်တယ်။ သူတို့ပိုက်ဆံမရဘူး။ နိုင်ငံတကာက ငွေကြေးစီးဆင်းမှုမရှိအောင်လုပ်တယ်။ သူတို့ရဲ့နိုင်ငံခြားငွေဘဏ်တွေ ပိတ်ဆို့မှု လုပ်နေတယ်။ အမေရိကန်ကနေ စီးပွားရေးပိတ်ဆို့တာတွေလုပ်တယ်။ စစ်ကောင်စီမှာ ငွေကြေး အခက်အခဲဖြစ် ပြီး လက်နက်တွေမဝယ်နိုင်အောင်။ ဒါပေမယ့် ပြည်တွင်းထဲမှာ သူတို့ထုတ်နိုင်တဲ့ အနေအထားတွေ အများကြီး ရှိတယ်။ လေယာဉ်ဆီတွေမဝယ်နိုင်အောင် ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ လုပ်နေတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပိတ်ဆို့နိုင်အောင်လုပ်ဖို့လိုအပ်တယ်။ အခုချိန်မှာ သူတို့စစ်ရေးရော၊ နိုင်ငံရေးမှာ အကျပ် အတည်း ဖြစ်နေတာ ထောက်ပြပြီး ပြောကြားချင်ပါတယ်။
သံလွင်တိုင်းမ် – မြေပြင်တော်လှန်ရေးအင်အားစုတွေကြားမှာ ပွတ်တိုက်မှုတွေ ရှိလာတာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတယ်လို့ မြင်ပါသလဲ။ NUG အနေနဲ့ ထိန်းကြောင်းဖို့ ဘာတွေ လုပ်ဆောင်နေလဲ။
ဦးကျော်ဇော – နွေဉီးတော်လှန်ရေးစတာ ပြည်သူတွေကနေ စတာ။ ငြိမ်းချမ်းစွာဆန္ဒပြတာကစတယ်။ သေနတ်ကို ခေါင်းကိုတည့်တည့်ချိန်ပြီးတော့ လူငယ်တွေကို သတ်ဖြတ်ပြီးတော့ သူတို့ဘက်က အကြမ်းဖက်မှုတွေ ကို စတင်တယ်။ လူထုက ရရာလက်နက်စွဲကိုင်ပြီးတော့ ခုခံတော်လှန်ကြတယ်။ PDF ဆိုတာပေါ်လာတယ်။ MOD ကာကွယ်ရေးဝန်ကြီးဌာနကနေ ဒီPDF တွေကို စနစ်တကျ အရည်အသွေးပြည့်ဝအောင် ဆောက်တည်နေတဲ့ အနေအထားပါ။ တိုက်ပွဲတွေဝင်တာရော၊ တပြိုင်နက်သင်တန်းတွေပေးနေတယ်။ စနစ်တကျနဲ့ စစ်စည်း ကမ်းလိုက်နာဖို့ သင်ကြားပေးနေတယ်။ သူတို့အားလုံး ရည်ရွယ်ချက်က စစ်အုပ်စုကျဖို့ တိုက်ပွဲဝင်နေကြတယ်။ လူ့သဘာဝအတိုင်း အမြင်မတူတာလေးတွေရှိရင် ပွတ်တိုက်မိတာလေးတွေ ရှိမယ်။ လူ့သဘာဝအတိုင်း ငါ့အဖွဲ့ အစည်းဆိုတဲ့ မာနဖြစ်တာလေးတွေရှိမယ်။ ဒါတွေ မဖြစ်အောင် ကျွန်တော်တို့က COC ကိုတည်ဆောက်ဖို့ ကြိုး စားနေတာ အတိုင်းအတာတစ်ခုကို ရောက်နေပြီ။ ပွတ်တိုက်မှုဖြစ်တာတွေကို ညှိနှိုင်းတယ်။ ဒါပေမယ့် ရာဇဝတ် မှု ကျူးလွန်နေတာတွေကိုတော့ အပြစ်ပေးအရေးယူနိုင်အောင် ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့နဲ့တရားရုံးတွေက ကြိုးစားဆောင်ရွက်နေတယ်။ ကာကွယ်ရေးဝန်ကြီးဌာနမှာလည်း တိုင်ကြားတဲ့ကော်မတီရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်စည်းကမ်းအရ အရေးယူအပြစ်ပေးတာတွေရှိနေတယ်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ လက်နက်ခဲယမ်း လိုအပ်ချက်မြင့်မားလာတယ်လို့ သိရပါတယ်။ ခဲယမ်းမလုံလောက်တာကြောင့် တိုက်ပွဲမစနိုင်ဘူးလို့ ပြောဆိုတာတွေ ရှိလာပါတယ်။ NUG အနေနဲ့ ဒီအပေါ်မှာ ဘာပြောချင်တာ ရှိမလဲ။
ဦးကျော်ဇော – အခက်အခဲအကြီးဆုံးက လက်နက်ခဲယမ်းပြည့်စုံထောက်ပံ့ပေးဖို့ အရင်တုန်းကတော့ လက်နက်ကိုင်တော်လှန်ရေးစတဲ့အချိန်မှာ ထောက်ပံ့နိုင်မှု မရှိသလောက်ပဲ။ ပြည်သူလူထုရဲ့ထောက်ပံ့နိုင်မှု နွေဦးတော် လှန်ရေးကို ပြည်သူလူထုက ဘဏ္ဍာရေးအရ ကူညီတယ်။ ပါဝင်ပူးပေါင်းဆောင်ရွက်တယ်။ NUG အစိုးရလုပ်တဲ့ နွေဦးတော်လှန်ရေး ကမ်ပိန်းတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့အစိုးရနေပြီးတော့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ရှိပါတယ်။ ၂နှစ်ကျော်ကာလအတွင်း ဒေါ်လာသန်းပေါင်း ၂၅၀ကျော် ရရှိတယ်ဆိုတာ ပြောထားတာရှိပါတယ်။ လက်နက်ခဲယမ်းတွေဝယ်တယ်။ စစ်တိုင်းတွေအရ ဖြန့်ဝေပေးတာရှိ တယ်။ ပြည်သူလူထုကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတာရှိတယ်။ လက်နက်ဝယ်ရတဲ့ဈေးကွက် ဘယ်လောက်ဈေးကြီးတယ်ဆိုတာ ပြည်သူတွေသိပါတယ်။ မောင်းပြန်သေနတ်ကို ဒေါ်လာထောင်နဲ့ချီ ပေးရတာရှိပါတယ်။ PDF တွေကိုလက်နက်တပ်ဆင်ပေးနေတယ်။ ခဲယမ်းမီးကျောက်တွေ ပေးနေတယ်။
ဟုတ်ပါတယ်။ ကြားပါတယ်။ စခန်းသိမ်းခါနီးမှာ ခဲယမ်းမီးကျောက်ကုန်သွားလို့ ပြန်ဆုတ်သွားတာတွေလည်း အများကြီးပဲ။ အဲဒီလိုမဖြစ်အောင် ဗျူဟာကျကျ ထောက်ပို့ပေးနေတယ်။ နိုင်ငံတကာကနေ အကူအညီရအောင် ကြိုးစားနေတယ်။ တော်လှန်ရေးက ပြည်တွင်းမှာအောင်ပွဲဆင်ရမယ့် တော်လှန်ရေးပါ။ ပြည်သူလူထုအကူအ ညီက အများကြီး အရေးကြီးတယ်ဆိုတာ ပြောလိုပါတယ်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက မဟာမိတ်တွေနဲ့ပူးပေါင်ပြီး လက်နက်ခဲယမ်းတွေရအောင် ကြိုးစားနေတာရှိပါတယ်။ ဒါပေမယ့်လည်း အားလုံးပြည့်စုံအောင် မထောက်ပံ့ပေးနိုင်သေးဘူး။ အခက်အခဲတွေရှိနေသေးတယ်။ ပြည်သူလူထုက တော်လှန် ရေးမှာ အောင်မြင်ဖို့အတွက် ဒီထက်အားသွန်ခွန်စိုက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
စစ်တပ်လော်ဘီတွေအားလုံးက မဟုတ်မမှန်သတင်းတွေ လွှင့်ပြီးတော့ ဆိုရှယ်မီဒီယာပေါ် မဟုတ်မမှန် သွေးကွဲ အောင်လုပ်နေကြတာ စိတ်ဓာတ်ကျအောင်လုပ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်တပ် ထိန်းချုပ်တဲ့နယ်မြေတွေ မရှိသလောက်ဖြစ်တဲ့အတွက်ကြောင့် စာသင်ကျောင်းတွေမှာတောင်မှ စစ်တပ်စာသင် ကျောင်းမရှိသလောက်ဖြစ်နေပြီ။ သူတို့ရဲ့အုပ်ချုပ်ရေးတွေ မရှိသလောက်ဖြစ်နေပြီ။ တော်လှန်ရေးအပြီးသတ် အောင်မြင်ဖို့ ဝိုင်းဝန်းကြိုးပမ်းလုပ်ကြရန် ပြောကြားလိုပါတယ်။