ရေဖြူ၊ အောက်တိုဘာ(၁၇)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာတံတားအနီးမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ်တစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ရေဖြူမြို့နယ် ခမောက်ချောင်းရွာက အသက် ၂၀ ဝန်းကျင်အရွယ် မစန္ဒာခိုင်အပါအဝင် ဒေသခံ ၈ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ မစန္ဒာခိုင်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန်လောက်မှာ ဝက်ချောင်းကျေးရွာတံတားအနီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။

မစန္ဒာခိုင်ရဲ့ ရုပ်အလောင်း ပြန်တွေ့ချိန်မှာ မျက်နှာကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သွေးအိုင်ထဲ သေဆုံးနေတာကို လမ်းသွားလမ်းလာပြည်သူတွေက တွေ့ရှိခဲ့တာပါ။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၈ ဦးမှာ ၆ ဦး ပြန်လွတ်လာပေမယ့် မစန္ဒာခိုင်နဲ့ ကိုသားဂန်းတို့ ဆက်လက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ မစန္ဒာခိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာလား ဒါမှမဟုတ် အဖွဲ့အစည်းက သတ်ဖြတ်ခဲ့တာလဲဆိုတာ တိတိကျကျသိတဲ့သူမရှိပါဘူး။

တချို့ဒေသခံတွေကတော့ မစန္ဒာခိုင်ဟာ စစ်တပ်ဖမ်းဆီးခံရပြီး အောက်တိုဘာပထမအပတ်အတွင်း ပြန်လွတ်လာကာ အောက်တိုဘာ ၁၄ ရက်နေ့မှာ အရပ်ဝတ်လက်နက်ကိုင်တွေက ထပ်မံဖမ်းဆီးသွားပြီးနောက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ပြောဆိုတာတွေ ရှိနေပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အရပ်သား ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး အများစုဟာ လက်သည်မပေါ်ဘူးလို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.