နေပြည်တော်၊ အောက်တိုဘာ(၁၇)

နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ တိုင်းပြည်မတည်ငြိမ်မှု ပြဿနာတွေဟာ ကျေးလက်နေပြည်သူတွေ ပညာရေးအားနည်းမှုနဲ့ အဓိကသက်ဆိုင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင်က ကျေးလက်နေပြည်သူတွေ ပညာရေးအားနည်းမှုကြောင့် ပြည်ပက မြှောက်ထိုးပင့်ကော်လုပ်နေမှုတွေနဲ့ မဟုတ်မမှန် သတင်းတွေအပေါ်မှာ နားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေး ချမ်းမှုမရှိအောင် လုပ်ဆောင်နေတာလို့ NCA ၈နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ အခြေအမြစ်မရှိ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကျေးလက်နေပြည်သူတွေ ပညာရေးအားနည်းချက်နဲ့အတူ တွေးခေါ်မြော်မြင်မှုတွေမှာပါ လိုအပ်ချက်တွေရှိနေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ရေးမှာ အခက်အခဲများစွာကြုံတွေ့ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသခံတစ်ဦးကတော့ စစ်ခေါင်ဆောင်ရဲ့ ပြောဆိုချက်အပေါ် လက်ခံနိုင်စရာမရှိသလို စစ်အုပ်စုကို တော်လှန်နေတာဟာ ပညာမတတ်လို့မဟုတ်ဘဲ အသိပညာရှိလို့ တော်လှန်နေတာ ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

“ကျေးလက်ဒေသက ပြည်သူတွေက ဒီလိုအတတ်ပညာမရှိလို့ ဒီလိုတွန်းလှန်တာ မဟုတ်ပါဘူးရှင့်။ အတတ်ပညာထက် အသိပညာရှိလို့ သူ့ကိုပြန်တွန်းလှန်ခြင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကျေးလက်ဒေသ တောရွာဆိုတာလည်း အခုကတော့ (၂၁) ရာစုဖြစ်တဲ့အတွက် ခေတ်ပညာတတ်တွေက အများကြီးရှိပါတယ်။ ကျေးလက်ဆိုပေမယ့်လည်း ပညာမတတ်တဲ့ လူနုံလူအတွေကြီးပဲ မဟုတ်ပါဘူး။ အခုဟာက ကျေးလက်ဒေသတွေမှာလည်း ပညာတတ်တွေ အများကြီးရှိတဲ့အတွက် အတတ်ပညာရှိသလို အသိပညာတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ကျေးလက်ဒေသက ပြည်သူတွေမှာလည်း ဦးနှောက်တွေရှိတဲ့အတွက် သူပြောတဲ့စကားကို လုံးဝလက်မခံနိုင်ပါဘူးရှင့်” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က ဒီမိုကရေစီစနစ်မှာ နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ ပညာနဲ့တွေးခေါ် မြော်မြင်နိုင်စွမ်းအားဟာ အရေးကြီးသလို ဒါတွေကိုပြုပြင်ဖို့နဲ့ ခေတ်စနစ်နဲ့အညီ အတွေးအခေါ်၊ အမြော်အမြင်တွေ တိုးတက်အောင် လုပ်ဖို့လည်း လိုအပ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

နွေဦးတော်လှန်ရေးဟာ ပြည်သူတွေ ပညာရေးအားနည်းလို့ ပေါ်ပေါက်လာတာ မဟုတ်ဘဲ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး မတရားအာဏာသိမ်းမှုကြောင့် ပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ် အညာဒေသခံ ပြည်သူတစ်ဦးကလည်း ကျေးလက်တွေမှာ ပညာတတ်ဘွဲ့ရတွေအများကြီးရှိပြီး စစ်ဖိနပ်အောက် မရောက်ချင်လို့ တော်လှန်နေတာဖြစ်ကြောင်း ထပ်မံတုံ့ပြန်တာပါ။

“ကျေးလက်နေ ပြည်သူတွေထဲမှာလည်း ဘွဲရတဲ့သူတွေတပုံကြီးပါ။ ပညာမတတ်ဆိုတဲ့ အသုံးအ နှုန်းသုံးတာတော့ မကောင်းဘူးပေါ့၊ အခုသူ့စစ်တပ်ထဲမှာကရော ပညာတတ်တဲ့ကောင် ဘယ်နှစ်ယောက်ပါလဲ။ သူတို့စစ်တပ်ကရဲဘော်တွေမှာ (၄)တန်းတောင်မအောင်တဲ့ကောင်တွေ အများကြီးပဲ။ ဒါကတော့ မတရားဘူးပေါ့ဗျာ။ အဲဒီလိုပညာမတတ်လို့ မဟုတ်ဘူး၊။ မခံနိုင်လို့တော်လှန်တာ။ စစ်ဖိနပ်အောက် မရောက်ချင်တာ၊ ကျွန်မခံချင်တာ။ အခုတကယ် ဖက်ဒရယ်ဒီမိုကရေစီ ဆီသွားနေကြတာပဲ။ ဦးဆောင်နေတဲ့သူတွေရော၊ နောက်လိုက်တွေရော အားလုံးကပညာတတ်တွေပါ။ ဒါအားလုံးက ဦးမင်းအောင်လှိုင်ရဲ့ လက်ချက်တွေကြီးပဲလေ၊ သူအာဏာမသိမ်းရင် ဖြစ်လာစရာမှ အကြောင်းမရှိတာ။ သူအာဏာသိမ်းလိုက်လို့ အခုကစာတွေမသင်ရဘူးဗျာ။ သင်တဲ့ကျောင်းကြတော့လည်း ဗုံးကြဲတယ်။ လေယာဉ်နဲ့ လာပစ်တယ်။ စာသင်တဲ့ဆရာမတွေကိုလည်း CDM လုပ်ထားတဲ့အတွက် ဖမ်းတယ်။ အခု Online ကသင်မယ်ဆိုတော့လည်း အင်တာနက်တွေ ဖြတ်တယ်။ အဓိက ကတော့ သူပါပဲ၊ ဦးမင်းအောင်လှိုင် လက်ချက်ပါပဲ၊ သူအာဏာမသိမ်းရင် ဒါတွေက ဖြစ်လာစရာလည်း အကြောင်းမရှိဘူး၊ ဖြစ်လည်း မဖြစ်ပါဘူး”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အခြေအမြစ်မရှိ ပြောဆိုမှုဟာ ကျေးလက်ဒေသမှာနေထိုင်တဲ့ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းကို စော်ကားမှုဖြစ်ပြီး အတွေးအခေါ် အမြော်အမြင်မရှိတဲ့ အာဏာရှင်တွေရဲ့ သရုပ်အမှန်ကို ဖော်ပြနေတာဖြစ်တယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

အာာဏာသိမ်းကာလအတွင်း ကျေးလက်နေပြည်သူတွေဟာ စစ်ကောင်စီတပ်ဘက်က စာသင်ကျောင်းတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ CDM ဆရာဆရာမတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လွတ်လပ်စွာပညာသင်းကြာခွင့်ကအစ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ပညာရေးစောင့်ကြည့်ရေးအဖွဲ့ (GCPEA) ရဲ့ အဆိုအရ စစ်ကောင်စီလက်ထက်မှာတော့ ကမ္ဘာတစ်ဝန်းရှိ ပညာရေးတိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.