ကျိုက်ထို – အောက်တိုဘာ(၁၆)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ ရွှေ KTV ဆိုင်ပိုင်ရှင် ဦးအောင်မျိုးလွင်(ခေါ်) စောနန်းဦးဟာ အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အသက် ၆၂ အရွယ် ဦးအောင်မျိုးလွင်ဟာ မိသားစုနဲ့အတူ KTV ဆိုင်ကနေ ကျိုက်ထိုဘက်သို့ ပြန်လာဖို့ ကားအပေါ် တက်စဉ် ဆိုင်အနီးမှာ အမည်မသိ သေနတ်သမား ၄ ဦးက ဆိုင်ကယ်နဲ့ လာပြီး သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးအောင်မျိုးလွင်ဟာ နောက်ကျောနဲ့ခါးမှာ ကျည်ဖောက် ဝင်ဒဏ်ရာ ၅ ချက်ရရှိပြီး ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း ဇနီးဖြစ်သူ အသက် ၃၂ အရွယ် ဒေါ်ကြည်ပြာနဲ့ သားသမီး ၃ ဦးလုံး လွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဦးအောင်မျိုးလွင်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ကနေ လက်နက်နဲ့အတူ စစ်ကောင်စီ အမှတ် (၉၆) ခြေလျင်တပ်ရင်း ထံ အလင်းဝင်ထားသူ ဖြစ်ပါတယ်။
ဦးအောင်မျိုးလွင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာ၊ သတင်းပေးဆောင်ရွက်နေတယ်လို့ ဒေသခံတွေဘက်က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီပစ်ခတ်မှုကို သူတိုအဖွဲ့က လုပ်ဆောင်တာ မဟုတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ဘက်က ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်မှာ ဒုဗိုလ်မှူးကြီး အငြိမ်းစား ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ သေဆုံးပြီး သားဖြစ်သူ နဲ့ ဦးအောင်လွင်တို့ ကျည်ထိမှန် ဒဏ်ရာအသီးသီး ရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ