ဘန်ကောက်၊ အောက်တိုဘာ(၁၇) 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ည‌ဖျော်ဖြေရေးလုပ်ငန်းတွေကို မနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပြု ဖို့နဲ့ ပတ်ဝန်းကျင် ဆူညံမှု လျှော့ချနိုင်ရေး ဇုန်နေရာခွဲခြား သတ်မှတ်မယ်လို့ ဘန်ကောက်မြို့ပြ အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ 

အချို့‌သော ဘီယာဆိုင်တွေနဲ့ ဘားတွေဟာ မနက် ၂ နာရီ ကျော်အထိ တရားမဝင်ဖွင့်လှစ်နေတာ လည်း သိနေရသလို ညဘက်ဖျော်ဖြေရေး နေရာအားလုံးကို ဥပဒေနဲ့အညီဆောင်ရွက်နိုင်အောင် ပြုလုပ်သွားဖို့ ဘန်ကောက်အာဏာပိုင်တွေက စီစဉ်နေတာ ဖြစ်ပါတယ်။ 

ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့(BMA) အနေနဲ့ ညဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ပြဿနာအချို့ကို မဟာဗျူဟာကော်မတီနဲ့တွေ့ဆုံဆွေးနွေးခဲ့သလို အသက်အရွယ်မပြည့်သေး သူတွေ မဝင်ရောက်နိုင်အောင်လည်း တားမြစ်မယ့် အတိုင်းအတာတွေကို ချမှတ်သွားမယ်လို့ အုပ်ချုပ်သူအရာရှိ မစ္စတာ ချတ်ချာက ပြောကြားခဲ့ပါတယ်။ 

ဖျော်ဖြေရေးလုပ်ငန်းတွေကို မနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပြုပေးခြင်းအားဖြင့် ခရီးသွား လုပ်ငန်းကို သာမက ညဘက်ရောင်းချတဲ့ဈေးသည်တွေနဲ့ တက္ကစီယာဉ်မောင်းတွေအပါအဝင် အဲဒီကဏ္ဍနဲ့ သက်ဆိုင်သူအားလုံးရဲ့ စီးပွားရေးကိုလည်းပဲ မြှင့်တင်ရာရောက်တယ်လို့လည်း သူက ပြောကြားခဲ့တာပါ။ 

ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီး အနူတင်ကလည်း ဝန်ကြီးဌာနအနေနဲ့ ရဲတပ်ဖွဲ့နဲ့ ည ဖျော်ဖြေရေးလုပ်ငန်း ဆောင်ရွက်သူတွေနဲ့ ဆွေးနွေးခဲ့ပြီးကြောင်း အခုလအတွင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ 

ဘား၊ ဘီယာဆိုင်တွေ မနက် ၄ နာရီအထိဖွင့်လှစ်ခွင့် သတ်မှတ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့်မ ဆောင်ရွက်နိုင်ခင် အချို့သော နေရာတွေမှာ စမ်းသပ်သဘောမျိုး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးအနူတင်က ပြောကြားထားပါတယ်။ 

Ref – Thai PBS World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.