မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ပဲခူးရေဘေးကို စစ်တပ်မှလွဲ၍ ပြည်သူအား ကိုးစရာ၊ ပြည်သူကို စောင့်ရှောက်သူမရှိကြောင်း“ ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို မှိုင်းဝေ၊ ဟန်ငြိမ်းဦးစတဲ့ စစ်လော်ဘီတွေက အောက်တိုဘာလ ၁၀ရက်နေ့မှာ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်မှာတော့ ပဲခူးမြို့မှာ အောက်တိုဘာလ ၈ ရက်ညပိုင်းမှစတင်ကာ ၉ရက် မနက်ပိုင်းအထိ ရုတ်တရတ်ရေကြီးလာတာကြောင့် ပိတ်မိနေတဲ့နေအိမ်တွေအတွင်းမှ ပြည်သူတွေကို ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်နေရပြီး အောက်တိုဘာ ၉ ရက် နေ့လယ် ၂နာရီခွဲအထိ စစ်ကောင်စီတပ် လက်အောက်ခံအာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ လွတ်လပ်သော သတင်းမီဒီယာများနဲ့ ဒေသခံများရဲ့ပြောပြချက်များအရ စိစစ်တွေ့ရှိရပါတယ်။
ပဲခူးဆေးရုံ အောက်ထပ်တစ်ခုလုံးလည်း ရေနစ်မြုပ်နေလို့ လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရသလို ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ရန်အတွက် ပဲခူးမြို့က ကယ်ဆယ်ရေးအဖွဲ့အားလုံး လှေရှာရတဲ့ အခက်အခဲဖြစ်နေပြီး လှေတွေ အဆင်သင့်ဆောင်ထားလေ့မရှိတဲ့ မြို့လယ်အမြင့်ပိုင်းရပ်ကွက်တွေမှာပါ ရေကြီးမြင့်တက်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မနိုင်မနင်းဖြစ်နေတယ်လို့လည်း BBC သတင်းဌာနက ဖော်ထုတ်ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် ပဲခူးမြစ်ကမ်းနံဘေးမှာရှိတဲ့ အထက်ဇိုင်းဂနိုင်းကြီးအုပ်စုထဲက ရွာကိုးရွာဟာ အောက်တို ဘာလ ၈ ရက်နေ့ကစပြီး အောက်တိုဘာလ ၁၀ရက် သုံးရက်ကြာတဲ့အထိ ရေနစ်မြုပ်ခဲ့တာကြောင့် အများစုဟာ ဘုန်းကြီးကျောင်းနဲ့ အထပ်မြင့်အိမ်တွေမှာ နေထိုင်နေကြရပြီး စားဝတ်နေရေးအတွက် ဘုန်းကြီးကျောင်းကပဲ ကျွေးမွေးထားရတယ်လို့ RFAသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
RFAသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်
BBCသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ပဲခူးရေဘေးကို စစ်တပ်မှ လွဲ၍ ပြည်သူအားကိုးစရာ၊ ပြည်သူကို စောင့်ရှောက်သူ မရှိကြောင်း” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်