ကိဗ်ယက်၊ အောက်တိုဘာ (၄)

အနောက်နိုင်ငံတွေထံကနေ စစ်ပွဲအတွင်း အကူအညီပေးဖို့ သမ္မတဇီလန်စကီးရဲ့ အသနားခံမှုကို လှောင်ပြောင်တဲ့ သရော်ပုံစံမင်းမ်စ် (meme)တစ်ခု သူရဲ့လူမှုမီဒီယာပလက်ဖောင်းပေါ်မှာ တင်ခဲ့တာကြောင့် ယူကရိန်းပါလီမန်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က အမေရိကန်သန်းကြွယ်သူဌေး အီလွန်မက်စ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

မက်စ်ဟာ ယူကရိန်းခုခံကာကွယ်ရေးအတွက် အရေးပါတဲ့ Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတဲ့ SpaceX ကို ပိုင်ဆိုင်ပေမယ့်လည်း သူ့ရဲ့ပြောဆိုချက်တွေဟာ ယူကရိန်ကို တစ်ခါတစ်ရံ ဒေါသ ထွက်စေတာပါ။

မက်စ်က ဇီလန်စကီးရဲ့ စစ်ရေးအကူအညီတောင်းခံမှုကို သရော်တဲ့ ဇီလန်စကီး ရုပ်ပုံနဲ့ဆင်တူတဲ့ မင်းမ်စ်တစ်ခုကိုတင်ပြီး လှောင်ပြောင်တဲ့စာတန်းတစ်ခုဖြင့် သူ့ရဲ့ပလက်ဖောင်း X မှာ အောက်တိုဘာ ၁ ရက်နေ့ အစောပိုင်းက တင်ခဲ့တာပါ။

ယူကရိန်းခေါင်းဆောင်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေက စစ်ပွဲတစ်လျှောက် ရုရှားရဲ့ကျူးကျော်မှုကို ကြံ့ကြံ့ခံ တွန်းလှန်ဖို့ သူတို့ရဲ့မဟာမိတ်တွေကို ဒေါ်လာဘီလီယံပေါင်းများစွာသော စစ်ရေးအကူအညီတွေ တောင်းခံခဲ့ ကြတာဖြစ်ပါတယ်။

ယူကရိန်းပါလီမန်ရဲ့ တရားဝင်စာမျက်နှာနဲ့ ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌ ရူစလန်စတာဖန်ချူခ်တို့ရဲ့ ကိုယ်ပိုင် ဆိုရှယ်ပလက်ဖောင်း X တို့မှာ လည်း မက်စ်ရဲ့သရော်လှောင်ပြောင်မှုကို အလားတူပုံတွေနဲ့ ဝေဖန်ပြောဆိုခဲ့ပြီး ရုရှားကိုဝါဒဖြန့်ပေးနေတာလို့ စွပ်စွဲခဲ့ပါတယ်။ 

မက်စ်ရဲ့ပြောကြားချက်အချို့ကို ယူကရိန်းသမ္မတအကြံပေးကလည်း ယူကရိန်းအကြောင်း နှုတ်ဆိတ်နေခြင်း ဒါမှမဟုတ်ယူကရိန်း အကြောင်း ကမောက်ကမဖြစ်အောင်လုပ်နေခြင်းက ရုရှားရဲ့ ဝါဒဖြန့်မှုလက်ထဲမှာ ရောက် ရှိသွားစေမယ်လို့ X ပလက်ဖောင်းမှာ ပြောဆိုခဲ့ပါတယ်။

စစ်ပွဲအတွင်း ယူကရိန်းအရာရှိတွေဟာ ငြိမ်းချမ်းရေးအတွက် နယ်မြေကိုစွန့်လွှတ်ဖို့ စဉ်းစားသင့်တယ်ဆိုတဲ့ မက်စ်ဖော်ပြခဲ့တဲ့အကြံပေးချက်ကို အစောပိုင်းက ဝေဖန်ခဲ့ပြီးကိဗ်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

ဇီလန်စကီးဟာ စက်တင်ဘာလမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး နောက်ထပ်အကူအညီတွေရရှိဖို့ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သီတင်းပတ်ကုန်အကြာမှာတော့ ယူကရိန်းနိုင်ငံအတွက် အကူအညီတွေကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ချမှတ်ထားတဲ့ ရန်ပုံငွေဆိုင်ရာစီမံချက်ကနေ ချန်လှပ်ခံခဲ့ရ ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားရဲ့ကျူးကျော်မှုစတင်ပြီးနောက် အမေရိကန်ဟာ ယူကရိန်းကို တစ်ခုတည်းသော အကြီးမားဆုံး အလှူရှင်ဖြစ်ခဲ့ပြီး စစ်ရေးနဲ့ငွေကြေးအကူအညီ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပေးအပ်ခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.