နေပြည်တော်၊ အောက်တိုဘာ(၃)

နိုင်ငံတဝန်းမှာ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း စားအုန်းဆီပြတ်လပ်မှုနဲ့ တန်းစီဝယ်ယူရမှု အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ISP – Myanmar က ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကောက်ယူထားတဲ့ စစ်တမ်းအရ မြို့နယ်ပေါင်း ၁၁၀ မှာ ၅၆ မြို့နယ်ဟာ စားအုန်းဆီပြတ်လပ်မှုကို ရင်ဆိုင်နေရသလို ကျန် ၆၄ မြို့နယ်က တော့ စားအုန်းဆီကို တန်းစီဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

စားအုန်းဆီကို တန်းစီဝယ်ယူရာမှာလည်း တစ်ရက်လျှင်တစ်ကြိမ်သာ ဝယ်ယူလို့ရတဲ့ မြို့နယ် ၄၀ နီ းပါးရှိသလို သုံးကြိမ်နဲ့အထက် ဝယ်ယူလို့ရတဲ့ မြို့နယ် ၈ မြို့နယ် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စားအုန်းဆီတွေကို ဝယ်ယူတဲ့နေရာမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတဲ့ မြို့နယ် ၃၁ မြို့နယ်ရှိပြီး ပမာဏသတ်မှတ်မထားဘဲ လိုသလောက် ဝယ်ယူလို့ရတဲ့ မြို့နယ်ပေါင်း ၃၆ မြို့နယ် ရှိနေတာ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ စားအုန်းဆီဈေးနှုန်းတွေ အရင်နှစ်ကထက် အဆမတန် မြင့်တက်လာတာကြောင့် ဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့အတွက် မိသားစုစားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနှစ်ကဆိုရင် စားလို့သောက်လို့ အဆင်ပြေတယ်ပေါ့နော်။ ကုန်ဈေးနှုန်းတွေကမဆိုးဘူး။ သင့်တင့်ယုံ ဖြစ်တယ်၊ ဒီ (၂၀၂၃)မှာကျတော့ သူတို့ပြောသလိုပဲ ဒီ(၉)လပိုင်း (၁၀) လပိုင်းမှာ ဆီဈေးချရမယ်၊ ဆန်ဈေးချရမယ်၊ ဆန်ဈေးချလိုက်မှပဲ အဆမတန် တက်သွားတယ်။ ဆီဈေးချလိုက်မှပဲ ဆီတစ်ပိဿာ (၇၀၀၀) (၈၀၀၀) ကနေပြီး တစ်ပိဿာကို (၁၇၀၀၀)လောက်အထိ သုံးရတဲ့အဆင့်ကို ရောက်သွားတဲ့အခါ ပြည်သူတွေမှာက တစ်ရက်ဝင်ငွေ နှစ်ထောင်၊ သုံးထောင်တောင် မနည်းလုပ်နေရတာ။ လုပ်ငန်းလုပ်စရာမရှိတဲ့အခါ စားဖို့လည်း အဆင်မပြေဘူး။ ဝယ်ခြမ်းစားဖို့ရာ ဝင်ငွေမရှိတဲ့အခါ အဆင်မပြေတဲ့အခါ ဒီကုန်ဈေးနှုန်း အမြင့်ကြီးကိုလိုက်ပြီး မဝယ်စားနိုင်တဲ့အတွက် အဓိကဆီဆိုတာ မရှိလည်းမပါလည်းရတယ်။ ဒီဆန်လေးတောင်မှ အနိုင်နိုင် စားနေရတဲ့ပုံစံမျိုးကို ဖြစ်နေပါပြီရှင့်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရောင်းချပေးတဲ့ စားအုန်းဆီတွေဟာ မြို့ပေါ်တွေမှာသာ အဓိကရောင်းချ ပေးတာဖြစ်ပြီး နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာ ရောင်းချပေးတာ မဟုတ်တဲ့အတွက် ဒေသခံတွေအနေနဲ့ စားအုန်းဆီတွေကို ဈေးကြီးပေးဝယ်စားနေရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ISP – Myanmar ရဲ့ အဆိုအရ စားအုန်းဆီကို တန်းစီဝယ်ယူဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ဒါမှမဟုတ် ဝယ်ယူခွင့်ကတ်ပြား လိုအပ်တဲ့မြို့နယ် အနည်းဆုံး ၂၅ မြို့နယ်ရှိပြီး တချို့မြို့နယ်တွေမှာတော့ မှတ်ပုံတင် ဒါမှမဟုတ် အိမ်ထောင်စုစာရင်းပြသပြီး ဝယ်ယူနေရတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ စားအုန်းဆီတွေကို စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၄၈၀၀ မှ ကျပ် ၅၈၀၀ အထိ ဈေးနှုန်းလျော့ချပြီး ရောင်းချပေးနေတာကြောင့်လည်း စားအုန်းဆီကို တန်းစီဝယ်ယူရတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စားအုန်းဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ပြင်ပဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာ ကျပ် ၁၈၀၀ ကျော်သာရှိရာကနေ လက်ရှိမှာတော့ ကျပ် ၁၆၀၀၀ ဝန်းကျင်အထိ အမြင့်ဆုံးဈေးနှုန်းရောက်ရှိလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စားအုန်းဆီတွေကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကနေ အဓိကတင်သွင်း ရောင်းချတာဖြစ်ပြီး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ တင်သွင်းခွင့်ကန့်သတ်ချက်တွေကြောင့် စားအုန်းဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.