နေပြည်တော်၊ အောက်တိုဘာ(၁)

အာဏသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရဲ့ ၈ နှစ် မြောက် နှစ်ပတ်လည်အခမ်းအနားမှာ EAO အဖွဲ့တွေ တက်ရောက်ဖို့ ထုတ်ပြောလာပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီအခမ်းအနားကို နိုင်ငံရေးအနှစ်သာရှိစွာ လုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ကြားသွားမယ် လို့ စက်တင်ဘာ ၂၈ ရက်နေ့က ခေါ်ယူကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေကို ပုဂ္ဂိုလ်ရေးအရစာတွေရေးပြီး ဖိတ်ကြားနေသလို တယ်လီဖုန်းနဲ့လည်း ဆက်သွယ်ဖိတ်ကြားခဲ့ပြီး တချို့နိုင်ငံတွေက မလာနိုင်ပေမယ့် ကိုယ်စား လှယ် တွေ စေလွှတ်ပေးမယ်လို့ ပြောတာတွေရှိကြောင်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

အခုလို ပြည်ပနိုင်ငံတွေက သဘောထားရှိရင် မိမိတို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုလိုလားတဲ့စိတ်ရှိဖို့လိုပြီး အထူးသဖြင့် NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်ရောက်နိုင်ဖို့ လိုတယ်လို့လည်း ထပ်ပြောခဲ့တာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်က အာဏာသိမ်းမှုကြောင့် NCA နှစ်ပတ်နေ့ အဓိပ္ပါယ်မရှိတော့သလို ဖိတ်ကြားလာပါကလည်း တက်ရောက်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“NCA နှစ်ပတ်လည်နေ့ကလည်း ကျွန်တော်တို့အတွက်တော့ အဓိပ္ပာယ်မရှိတဲ့နေ့လို့ သတ်မှတ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ NCA စာချုပ်ကို ချိုးဖောက်တာကလည်း စစ်တပ်ပဲဖြစ်တယ်။ သူ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေတွေပြောပြော၊ NCA နဲ့ ပတ်သက်တဲ့ဟာတွေ အားလုံးကို သူချိုးဖောက်တယ်။ အခုဒီမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ သူက(စစ်တပ်) ကျွန်တော်တို့ နေရာကိုလာလို့ တိုက်ပွဲဖြစ်တာ။ ဒါကြောင့် လိုရင်းတိုရှင်းပြောရရင် ကျွန်တော်တို့ကို ဖိတ်ကြားရင်လည်း တက်ဖို့အစီအစဉ်မရှိဘူးလို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။

ABSDF ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NCA မှာ လက်မှတ်ရေးထိုးထားပေမယ့် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေတာပါ။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကလည်း ပြည်သူတွေ ခက်ခဲနေချိန်မှာ NCA အခမ်းအနားတက်မှာမဟုတ်သလို NCA စာချုပ်ဟာ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်တဲ့ လမ်းကြောင်းမဟုတ်တော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအချိန်မှာ ကျွန်တော်တို့ အနေနဲ့ အခမ်းအနားတက်ဖို့တွေက ငါတို့မှာ လုပ်စရာတွေ အများကြီးရှိတယ်။ ပြည်တွင်းရေးပြဿနာဖြေရှင်းဖို့ ၊ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကျွန်တော်တို့ ပြည်သူတွေခက်ခဲနေချိန်မှာ အဲဒီလိုမျိုး (NCA နှစ်ပတ်လည်) အခမ်းအနားတို့၊ ဘာတို့ဖြစ်ဖြစ် ဒါက ဘာမှအကျိုးမရှိတဲ့ဟာဖြစ်တဲ့အတွက် ကျွန်တော်တို့က တက်မှာမဟုတ်ဘူး။ ဒီနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် NCA က အားလုံးလွှမ်းခြုံတဲ့ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်တဲ့ NCA လမ်းကြောင်းမဟုတ်တော့ဘူးလို့ ပြောချင်တယ်”လို့ သူကဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ NCA မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် အခမ်းအနားလာတက်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေး လမ်းခင်းဖို့လိုတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

အဲဒီပြောဆိုချက်အပေါ် NCA စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က အခုလို တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့ ပြည်နယ်ထဲမှာ ဒီလောက် စစ်ဆင်ရေးတွေအများကြီး တပ်ရင်း ၃၈ ရင်းနဲ့ စစ်ဆင်ရေးတွေထိုးပြီးမှ နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ဗုံးကြဲတာ လက်နက်ကြီးနဲ့လုပ်တာ၊ အိုးအိမ်တိုက်တာ အဆောက်အဦးတွေ ဖျက်ခံနေရတာ။ ဒါတွေရှိနေတဲ့ကြားက ကျွန်တော်တို့က ဘာစကားသွားပြောရမှာလဲ။ ဆိုတော့ ဒီကနေ့ ကျွန်တော်တို့ကြားထဲမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ KNPP အနေနဲ့ မူဝါဒရှိပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ အခင်း အကျင်းကို ကျွန်တော်တို့ အရင်ဆုံးရအောင်လုပ်ဖို့လိုတယ်”လို့ သူက ဆိုပါတယ်။

ကရင်နီပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း KNPP အပါအဝင် KNDF ၊ PDF တို့နဲ့ စစ်ကောင်စီတပ်တို့ကြား မြေပြင်တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားတဲ့ ဒေသတစ်ခုပါ။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းချိန်ကနေ ဩဂုတ် ၃၁ ရက်နေ့အထိ အရပ်သား ၃၈၀ သတ်ဖြတ်ခံရပြီး လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၆၀၀ ကျော်ရှိခဲ့သလို ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်အလုံးပေါင်း ၁၇၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။

လတ်တလော စစ်ကောင်စီတပ်နဲ့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO ဗဟိုကော်မတီမှာ NCA ဖိတ်ကြားစာ လက်ခံဖို့ ရှိမရှိ မကြားသေးသလို ဖိတ်ခေါ်တာ ရှိမယ်မထင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အမုန်းတရားတွေ လုပ်နေမယ်ဆိုရင် တိုင်းပြည်နစ်နာဖို့ပဲရှိပြီး မိမိတို့အနေနဲ့ ရှေ့ကို ရသလောက်လုပ်သွားမှာပဲလို့ ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်သူအားလုံး သံသယရှင်းရှင်း၊အာဃာတကင်းကင်းနဲ့ လုပ်ဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေး မျှော်မှန်းချက်လမ်းကြောင်းဟာ ရှောရှောရှူရှူနဲ့ ရောက်ရှိမှာဖြစ်လို့ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း တိုက်တွန်းခဲ့သေးတာပါ။

NCA စာချုပ်ပါ အခန်း (၁) အခြေခံမူကို စစ်တပ်ကိုယ်တိုင်ချိုးဖောက်ခဲ့တဲ့အတွက် စာချုပ်ပျက်ပြယ်သွားပြီလို့ ထုတ်ပြောထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်တပ်အနေနဲ့ အချက်လေးချက်ကို လိုက်နာမှသာ တွေ့ဆုံမှုဖြစ်လာမယ်လို့ ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်အချက် စစ်တပ်ကနိုင်ငံရေးကနေ ထွက်ရမယ်။ ဒုတိယအချက်က စစ်တပ်ဟာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လက်ခံရမယ်။ သူကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအားလုံးကို တာဝန်ခံရမယ်။ ကင်းလွတ်ခွင့် လုံးဝမရှိစေရဘူး၊ အဲဒါကို သူလက်ခံရမယ်။ နံပါတ် ၃ အချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲရေး သူလက်ခံရမယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ အဆင့်တိုင်းအဆင့်တိုင်း နိုင်ငံရေးဆွေးနွေးမှုမှာ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုကို သူလက်ခံရမယ်။ ဒီအချက် လက်ခံမှသာ တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာမယ်။ အဲဒီလိုလက်မခံဘဲ အခုလုပ်နေတဲ့ဟာတွေက ကျွန်တော်တို့ ဘာမှထည့်စဉ်းစားစရာအကြောင်းမရှိဘူး”လို့ သူက ဆိုပါတယ်။

အပစ်ရပ်ထိုး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်ကို ကျောခိုင်းပြီး စစ်ကောင်စီနဲ့တွေ့ ဆုံဆွေးနွေးမှုတွေ ရပ်တန့်ခဲ့ကြတာပါ။

တစ်ဖက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဒီကနေ့အထိ ခုခံတော်လှန်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာတွေမှာ ချွတ်ခြုံကျလာနေတဲ့အပေါ် ထွက်ပေါက်အနေနဲ့ NCA နှစ်ပတ် လည်အခမ်းအနားကို အသုံးချပြီး နိုင်ငံတကာဆီက ဖိအားလျော့အောင် လုပ်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.