ပေါင်၊ အောက်တိုဘာ(၁)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသမီး ၃ ဦးဟာ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်ခံလိုက်ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲကိုကိုလွင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဥတ္တံတားကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီထဲက ဖမ်းဆီးခံဥတ္တံတားကျေးရွာနေ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနဲ့ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ – ၅၂ (က)၊ ၅၀ (ည)တို့နဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ဖမ်းဆီးအမှုဖွင့်လိုက်တဲ့ ဒေသခံအမျိုးသမီး ၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်တာ၊ ငွေကြေးထောက်ပံ့တာ၊ စားနပ်ရိက္ခာများထောက်ပံ့ပေးတာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်အရေးယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာဒုတိယအပတ်တုန်းကလည်း ဖမ်းဆီးထားတဲ့ ဥတ္တံတားကျေးရွာ ဒေသခံတွေဖြစ်တဲ့ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်နဲ့ ကိုဖိုးချိုတို့ ၃ ဦးကိုလည်း စစ်ကောင်စီရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူးထားတာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဥတ္တံတားကျေးရွာ ဒေသခံ ၁၄ ဦးမှာ ၅ ဦး ပြန်လည် လွတ်မြောက်လာပေမယ့် ၆ ဦးက အမှုဖွင့်အရေးယူခံထားသလို ကျန် ၃ ဦးကို ဆက်လက်စစ်ဆေးနေတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.