သရက်ချောင်း၊ စက်တင်ဘာ(၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကနေ ရွာစဉ့်လှည့် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရငဲကျေးရွာ မြွေတောင်မှာ တပ်စွဲထားတဲ့ တပ်အင်အား ၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျွဲအင်းကုန်းကျေးရွာဘက်ကနေစပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ရွာစဉ်လှည့် စစ်ကြောင်းထိုးလာတဲ့အတွက် ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ကနက်သီရိ၊ ပိန္နဲကျွန်းအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဝင်ချိန် မိုးတွေသည်းထန်စွာရွာနေတာကြောင့် ဒေသခံ ကလေးငယ်၊ သက်ကြီရွယ်အိုတွေဟာ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ရွာစဉ်လှည့်စစ်ကြောင်းထိုးနေပေမယ့် နေ့လည် ၂ နာရီအချိန်အထိ တိုက်ပွဲဖြစ်တာမရှိသေးဘဲ စစ်ကြောင်းကတော့ ကနက်သီရိကျေးရွာဘက်ကို ဦးတည်နေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းဟာ ကတွဲရွာကို ဝင်ရောက်လာပြီးနောက် ဒေသခံ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.