စစ်ကိုင်း၊ စက်တင်ဘာ(၃၀)

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်ပေါင်း ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP-Myanmar က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ တစ်နိုင်ငံလုံး မြို့နယ်စု စုပေါင်းအရေအတွက်ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းမှာ နေအိမ်၊အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပမာဏထဲက ၆၄ ရာခိုင်နှုန်းကျော် အဆောက်အအုံအလုံးပေါင်း ၅၅,၀၀၀ ကျော်ဟာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပြီး အခုနှစ်ဖေဖော်ဝါရီမှာ စစ်အုပ်ချုပ်ရေးကြေညာမှုအပြီး နေအိမ်မီးရှို့ခံရမှုတွေ ပြန်လည်မြင့်တက်ခဲ့တာပါ။

ဒါပေမယ့် အခုနှစ် နှစ်လယ်ပိုင်းကစပြီး စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေဟာ ဒေသတချို့မှာ ခံစစ်အသွင်ကူးပြောင်းသွားပြီးနောက် နေအိမ်အဆောက်အအုံ မီးရှို့ခံရမှု ပြန်လည်လျော့ကျလာခဲ့တာလို့ ISP-Myanmar က ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့ ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာတော့ နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံခဲ့ရမှုတွေရဲ့ ၇၂ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ခဲ့ပြီး အရေအတွက်အနေနဲ့ ၆၂,၂၀၀ ကျော် ရှိခဲ့တာပါ။

စစ်ကိုင်းတိုင်းဟာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့ထဲက ၃၂ မြို့နယ်ထက်မနည်းမှာ နေအိမ် အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုတွေရှိခဲ့ပြီး အဲဒီထဲက ရွှေဘိုမြို့နယ်မှာတော့ နေအိမ်အဆောက်အအုံ ၇,၃၀၀ ကျော်နဲ့ အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ISP – Myanmar ရဲ့ ကိန်းဂဏန်းဖော်ပြချက်အရ အခုနှစ်ဇန်နဝါရီကနေ ဩဂုတ်အထိ ရှစ်လတာအတွင်း နိုင်ငံအနှံ့ မြို့နယ် ၈၂ ခုထက်မနည်းမှာ ဘာသာရေး အဆောက်အအုံအပါအဝင် နေအိမ် အဆောက်အအုံပေါင်း ၂၈,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

အခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခံရမှုတွေရဲ့ ထက်ဝက်နီးပါးဟာ စစ်ကောင်စီကနေ စစ်အုပ်ချုပ်ရေးအမိန့် ကျင့်သုံးဖို့ ကြေညာထားတဲ့ မြို့နယ် ၂၉ ခုက ဖြစ်တယ်လို့ ISP – Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.