မော်လမြိုင်၊ စက်တင်ဘာ(၃၀)

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ပေါင်မြို့နယ်တို့မှာ အခုစက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးသွားတဲ့ ဒေသခံ ၂၀ နီးပါးဟာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အခုလဆန်းပိုင်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန် ၃ ဦးထက်မနည်း ပစ်ခတ်ခံရပြီးနောက် ကျိုက်ထိုနဲ့ပေါင်မြို့နယ်က ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်ကနေ ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပေါင်မြို့နယ်ဥတ္တံတားနဲ့ ရင်းငြိမ်ကျေးရွာနေ ဒေသခံ ၂၃ ဦးဟာ ၅ ဦးကိုသာ ရဲတပ်ဖွဲ့ထံ ပြန်လွှဲပေးခဲ့ပေမယ့် ကျန်ဒေသခံ ၁၈ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းထားလဲဆိုတာ မိသားစုတွေဝင်လိုက်လံစုံစမ်းပေမယ့် အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံနေရသူတွေအတွက် ပေါင်မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်မေးမြန်းရာမှာလည်း သူတို့ထံ ရောက်ရှိလာခြင်း မရှိသေးကြောင်းနဲ့ ရောက်လာရင် အကြောင်းပြန်ပေးမယ်လို့သာ ဖြေဆိုတယ်လို့ ဖမ်းဆီးခံမိသားစုနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ ကျိုက်ထိုဒေသခံ ၁၀ ဦးမှာလည်း ၈ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျိုက်ထိုဘူတာလမ်းနေ လင်းမယာ ၂ ဦးမှာ လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်းမရှိဘဲ အဆက်အသွယ် ပြတ်တောက်နေတာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေ အဆက်အသွယ် ပြတ်တောက်နေတာ တစ်လနီးပါးရှိလာတဲ့အတွက် သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပေါင်မြို့နယ်က ဒေသခံ ၂၃ ဦး၊ ကျိုက်ထိုမြို့နယ်က ၁၀ ဦး၊ သထုံမြို့နယ်က ၅ ဦး၊ သံဖြူဇရပ်မြို့နယ်က ၃ ဦးနဲ့ မော်လမြိုင်မြို့နယ်က ဒေသခံတစ်ဦး စုစုပေါင်း ၄၂ ဦး ဖမ်း ဆီးခံထားရပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း အရပ်သားပြည်သူ ၈၂၄ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က စက်တင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.