မော်လမြိုင်၊ စက်တင်ဘာ(၂၉)

မွန်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ရာသီဥတု အကူးအပြောင်းကြောင့် ကလေးငယ်တွေအပါအဝင် လူကြီးတွေမှာပါ မျက်စိနာရောဂါ အဖြစ်များနေတယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မျက်စိနာရောဂါဟာ ဗိုင်းရပ်စ်အမျိုးအစား ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လေမှတဆင့်ရောဂါကူးစက်မှုဖြစ်ပွားတာကြောင့် ကူးစက်မှုနှုန်းမြန်ကာ ဒေသတွင်းမှာ အဖြစ်များလာတာ ဖြစ်ပါတယ်။

ဆရာဝန်တစ်ဦးကတော့ မျက်စိနာရောဂါဟာ စိုးရိမ်စရာမရှိပေမယ့် ရောဂါဖြစ်ပွားစဉ်အတွင်း ဖုန်းကြည့်တာ၊ အလင်းစူးစူးထိတာနဲ့ လေအရမ်းထိတာတွေ ရှောင်သင့်တယ်လို့ အကြုံပြုပါတယ်။

“ဒီရက်ပိုင်းက မတရားရာသီဥတုပူလာလို့ ဖြစ်လာတာ။ ဗိုင်းရပ်စ်အမျိုးအစားပဲဆိုတော့ လေကတဆင့်ကူးတဲ့ ဗိုင်းရပ်စ်ပေါ့။ ကူးစက်နှုန်းက မြန်တယ်။ လက်တွေနဲ့ပွတ်မိတာတို့၊ ဖုန်တွေသဲတွေ မသန့်တာဆိုကူးတယ်။ အဖြစ်တော့ များတာပေါ့။ ဒါပေမယ့် ဖြစ်တတ်တယ်။ စိုးရိမ်စရာတော့မရှိဘူး။ သူကပုံမှန်ဖြစ်လေဖြစ်ထရှိတဲ့ ရောဂါမျိုးပဲ။ ဖြစ်နေတုန်းကတော့ ဖုန်းမကြည့်သင့်ဘူး။ ဖုန်းကြည့်များတာတို့၊ အလင်းစူးစူးထိတာများတာတို့၊ လေအရမ်းထိတာများတာတို့ဆိုရင်တော့ မပျောက်ပဲနဲ့ တ ခြားဆိုးကျိုး ဖြစ်လာတတ်တယ်။ မျက်ကြည်လွှာထိတာတို့၊ မျက်စိသွေးကြောလေးတွေ ပေါက်သွားတာတို့ ဖြစ်တတ်တယ်”လို့ ဆိုပါတယ်။

မျက်စိနာရောဂါဟာ အနည်းဆုံး ၃ ရက်ကနေ တစ်ပတ်လောက်ထိ ဖြစ်ပွားတက်ပြီး မျက်စဉ်းဆေးထည့်တာ၊ ဆေးသောက်တာတွေမလုပ်ပါက ရောဂါပျောက်ကင်းဖို့အတွက် အချိန်ကြာနိုင်ပါတယ်။

ဆရာဝန်တစ်ဦးကလည်း မျက်စိနာရောဂါဟာ အရွယ်မရွေးဖြစ်ပွားနေပြီး ရောဂါလက္ခဏာတွေ့ရှိပါက ဆေးခန်းအမြန်းဆုံးပြသမှသာ ရောဂါကူးစက်မှုနှုန်း လျော့နည်းလာမယ်လို့ ပြောပါတယ်။

“အခုက ကလေး၊ လူကြီး အရွယ်မရွေးပဲ ဖြစ်နေတယ်။ မျက်စိနာတဲ့လက္ခဏာရှိတဲ့ သူတွေကို သတိထားရမှာပေါ့။ ဥပမာ- မျက်စိက နီရဲနေတယ်။ မျက်ချေးတွေ ထွက်တာများနေတယ်ဆိုရင် ဒါအကြမ်း ဖျင်း မျက်စိနာတယ်လို့ သတ်မှတ်လို့ရတယ်။ ရောဂါလက္ခဏာ သိပ်မပြတဲ့သူဆို မျက်စိကမျက်ရည်ပူတွေကျမယ်။ ခိုးလို့ခုလုဖြစ်မယ်။ အဲဒီလောက်ပဲပေါ့။ ဒီလိုဖြစ်တယ်ဆိုရင် မျက်နှာသုတ်ပဝါကို မျှပြီးမသုံးနဲ့။ မျက်စိကို လက်နဲ့မကိုင်နဲ့။ ဖြစ်ပြီးဆိုလည်း ဆေးခန်းပြ၊ မျက်စဉ်းဆေးခတ်၊ ဒါဆိုရင်တော့ ကူးစက်နှုန်းလည်း နည်းသွားမှာပဲလေ”လို့ ဆိုပါတယ်။

မျက်စိနာရောဂါ ဖြစ်ပွားပါက ဆေးဆိုင်တွေမှာ တွေ့ကရာမျက်စဉ်းဆေးတွေကို ဝယ်မခတ်သင့်ပဲ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ မျက်စိနာရောဂါအတွက် မျက်စဉ်းဆေးတွေ ခတ်သင့်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

မျက်စိနာရောဂါဟာ အလွယ်တကူ ကူးစက်နိုင်တာကြောင့် ရောဂါမကူးစက်ဖို့အတွက် မျက်စိနာရောဂါဖြစ်ပွားသူရဲ့ အသုံးအဆောင်တွေကို မျှဝေသုံးစွဲတာမလုပ်ဖို့နဲ့ လူအများသွားလာတဲ့ ရေကူးကန်တွေမှာလည်း သွားရောက်ရေမကူးဖို့ လိုအပ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မျက်စိနာရောဂါကို ဒေသအတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာတချို့မှာ အဖြစ်များတတ်ပြီး ဖြစ်ပွားပါကလည်း မိသားစုလိုက် ကူးစက်ခံနေရတဲ့ အနေအထားတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.