နေပြည်တော်၊ စက်တင်ဘာ(၂၉)

စစ်တပ်အာဏာသိမ်းမှုအလွန် တော်လှန်ရေးအင်အားစုတွေကို နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခမ်းအနားကျင်းပဖို့ စီစဉ်နေပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NCA ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပြီး မူဝါဒဆိုင်ရာတွေကိုလည်း ရှင်းလင်းခဲ့တာပါ။

တစ်ဖက်မှာလည်း စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတချို့တို့ NCA နှစ်ပတ်လည်အခမ်းအနားကျင်းပရေး ညှိနှိုင်းဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။

အပစ်ရပ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိသက်သေတွေကို ပြန်လည်တွေ့ဆုံတဲ့ အခင်းအကျင်းတစ်ခုပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော် နားလည်ရသလောက်ဆို NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေ ပြီးတော့ လက်မှတ်ရေးထိုးချိန်တုန်းက အသိသက်သေအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ ပြန်လည်တွေ့ဆုံပြီးတော့ အခမ်းအနားတက်ရောက်တဲ့ အခင်းအကျင်းတစ်ခုလောက်ပဲ။ ဒါသူ့ရဲ့သက်ရောက်မှု ကောင်းခြင်း၊ ဆိုးခြင်းအမြင်ကတော့ အမျိုးမျိုးရှိမှာပါ” လို့ သူက ဆိုပါတယ်။

NCA စာချုပ်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင်တို့က နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အသိသက်သေအနေနဲ့ ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ နိုင်ငံတကာသံတမန်တွေ၊ ပြည်တွင်းအသိသက်သေတွေရှေ့ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အထိ ရှိလာခဲ့ပေမယ့် အာဏာသိမ်းမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့ဟာ NCA စာချုပ်ကို ကျောခိုင်းပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရပ်တန့်ခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NCA စာချုပ်ကို တိုင်းပြည်ပြဿနာဖြေရှင်းရေးအတွက် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအလုံးစုံဟာ ထိရောက်အောင်မြင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“NCA ဟာ မြန်မာပြည်ရဲ့ဖြစ်နေတဲ့ ပဋိပက္ခအတွင်း ဘာမှအရေးပါတဲ့အခန်းမရှိတော့ပါဘူး။ သို့သော်လည်း ဒါကိုအသုံးချနိုင်အောင် စစ်ကောင်စီက ဆက်လက်ပြီး ကြိုးစားနေတာ ဖြစ်တယ်။ ဒါကြောင့် NCA နဲ့ ပတ်သက်ပြီး သူ့ဟာသူ ၈ ကြိမ်မြောက်ဖြစ်ဖြစ်၊ ၁၀ ကြိမ်မြောက်ဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အရေးပါတဲ့ အဖွဲ့တွေအားလုံးက စွန့်လွှတ်ပစ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ NCA နဲ့ပတ်သက်ပြီး မြန်မာပြည်ပြဿနာဖြေရှင်းရေးအတွက် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအလုံးစုံကလည်း ဘာမှ ထိရောက်အောင်မြင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

NCA စာချုပ်ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး သိမ်းယူထားတဲ့ စစ်တပ်ကြောင့် ပျက်ပြယ်သွားပြီဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။

တစ်ဖက်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တချို့ကတော့ NCA ရဲ့ အနှစ်သာရကို ဆွဲကိုင်ထားဆဲဖြစ်သလို ပျက်ပြယ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်းယူမှု သုံးနှစ်နီးပါးအတွင်း ပြည်တွင်းစစ်မီး အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့အပေါ် စစ်ကောင်စီက တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိဖို့ NCA စာချုပ်ကိုသာ စွဲကိုင်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.