တနင်္သာရီ၊ စက်တင်ဘာ(၂၉)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအရာခံဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း တပ်စွဲနေထိုင်နေတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၂၈ ရက်နေ့ မနက် ည ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုပြီးနောက် တနင်္သာရီအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းကနေ ညောင်ပင်ကွင်းကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ခမရ ၅၆၁ တပ်က တပ်ဖွဲ့ဝင်တွေ အထိုင်ချပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးကာ ခြိမ်းခြောက်ငွေညှစ်နေတဲ့ ဂိတ်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ နဲ့ SWDF အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.