ရန်ကုန်၊ စက်တင်ဘာ(၂၉)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေက ငွေထုတ်ပေးတဲ့ တာဝန်ရှိသူတွေအနေနဲ့ ဆေးကုသမှုခံယူနေသူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းမကောက်ဖို့ စစ်ကောင်စီ ပြည်တွင်းအခွန်းများ ဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

တချို့သော ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှ ငွေထုတ်ပေးတဲ့ တာဝန်ရှိသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနုတ်ရမယ့်အစား ဆေးကုသသူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံနေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေအနေနဲ့ ဆေးကုသမှုခံယူသူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံတာ လုံးဝမလုပ်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဟာ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်တဲ့ ဝန်ဆောင်မှုဖြစ်တာကြောင့် ဆေးကုသသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန်မကောက်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း တည်ထောင်ထားသူတွေအနေနဲ့ မိမိတို့လုပ်ငန်းမှ ငွေထုတ်ပေးဖို့ တာဝန်ရှိသူတွေအနေနဲ့ အခွန်နုတ်ယူပေးသွင်းတဲ့ လုပ်ငန်း စဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ ပြဋ္ဌာန်းထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်စေဖို့အတွက် ကြီးကြပ်သွားဖို့လည်း ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပြည်တွင်း အခွန်များဦးစီးဌာနကတော့ ဆေးကုသသူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင် နှုန်း ထပ်ဆောင်းကောက်ခံမှုအပေါ် ဘယ်လိုအရေးယူသွားမယ်ဆိုတာတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေရဲ့ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှရရှိတဲ့ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်မှာ အခွန်နုတ်ယူပေးသွင်းတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။

အဲဒီအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက်လည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းမှ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ရမယ့် တာဝန်တွေနဲ့ အခွန်ပေးဆောင်ရမယ့် ကျန်းမာရေးစောင့်ရှောက်ပေးသူတွေရဲ့ တာဝန်တွေကို ပြီးခဲ့တဲ့လကုန်ပိုင်းနဲ့ လက်ရှိလအစမှာ ကြိုတင်အသိပေးထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ANM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.