မုံရွာ – စက်တင်ဘာ(၂၉)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ နေအိမ်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) အမှတ်-၂ တပ်မတော်ဆေးရုံက ဗိုလ်ကြီး အောင်ဖြိုးသိန်း ပြန်ရောက်လာချိန်မှာ BlackFalcon Guerrilla Forcesတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၄) ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာပါ။

လက်ရှိအချိန်မှာတော့ သူ့ကို မုံရွာ(ပ.က.ဖ) ရုံးမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တာတွေ စစ်ဆေးမေးမြန်းနေတယ်ဆိုတာ မိသားစုတွေကို အသိပေးထုတ်ပြန်ထားတာဖြစ်တယ်လို့ MOD က ဆိုပါတယ်။

စစ်ကောင်စီဆေးဗိုလ်ကြီး အောင်ဖြိုးသိန်းဟာ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) အမှတ်-၂ တပ်မတော်ဆေးရုံက ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားပြီး သူနဲ့အတူ ဟွန်ဒိုင်းအမျိုးအစား အိမ်စီးကားတစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး၊ Laptop တစ်လုံးတို့ကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအောက်မှာ အလုပ်မလုပ်ကိုင်ကြဖို့ နဲ့ ပြည်သူတွေနဲ့အတူ ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက် က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.