ဝန်းသို – စက်တင်ဘာ(၂၈)

စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်မှာရှိတဲ့ ခန္တီဝံသာရာမကျောင်းတိုက်ကို စစ်ကောင်စီ ခ.မ.ရ-၁၀၂ က ဟောင်ဝစ်ဇာ(Howitzer) လက်နက် ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးသုံးလုံးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေး(၁၈) ဦးဒဏ်ရာရရှိခဲ့ပြီး (၆) ဦးစိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲချိန်မှာ ဂျိုးထောင်ကျေးရွာက ကလေးငယ်တွေ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ယူနေချိန်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကလေးငယ်တွေပညာသင်ယူနေတဲ့ ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက် စစ်ဘက်ခွဲခြားမှုမရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ထင်ရှားစွာပြသနေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလည်ပိုင်းကလည်း စစ်ကောင်စီက လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးနဲ့ လူကြီး အပါအဝင်(၁၃) ဦးသေဆုံးထားပါတယ်။

ဒါ့အပြင် ဧပြီလ(၁၁) ရက်နေ့ကလည်း ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊ကိုယ်ဝန်ဆောင်မိခင်နဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ (၁၆၈) ဦး သေဆုံးခဲ့ရတယ်လို့ NUG ကထုတ်ပြန်ထားပြီး ဒေသတွင်း အချက်အလက်တွေမှာတော့ (၁၇၄) ဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ပြည်သူ (၂၀၀၀) နီးပါးသေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး(လက်ယက်ကုန်း ကျေးရွာစာသင်ကျောင်း လေယာဉ်နဲ့ ပစ်ခတ်ခံထားရစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.