A bottle is broken against the hull of Haikun, Taiwan's first domestically built submarine, as President Tsai Ing-wen attends the submarine's launching ceremony in Kaohsiung, Taiwan September 28, 2023. REUTERS/Carlos Garcia Rawlins

ထိုင်ဝမ်၊ စက်တင်ဘာ (၂၉) 

ထိုင်ဝမ်ဟာ ကျွန်းကာကွယ်ရေးနဲ့ ဟန့်တားနှောင့်ယှက်မှုတွေကို ခုခံနိုင်မှုအားကောင်းစေမယ့် အဓိကခြေ လှမ်းတစ်ရပ်အဖြစ် ပထမဆုံးပြည်တွင်းမှာထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောကို စက်တင်ဘာလ (၂၈) ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ 

တရုတ်က သူရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်ကို အချုပ်အခြာအာဏာ ပြန်လည် အခိုင်အမာရရှိရေးအတွက် နေ့စဉ်နီးပါး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာပါ။ 

ဒီလိုအခြေအနေမှာ ထိုင်ဝမ်ကလည်း သူ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီတိုးတက်စေဖို့နဲ့ ရည်မှန်း ချက်ကြီးမားတဲ့ ပရောဂျက်တစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပြီး ကြိုးစားနေခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူခဲ့တဲ့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ဟာ အဲဒီအစီအစဉ်ကို စတင်ခဲ့သူဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ တောင်ပိုင်းရှိ ခေါင်ဝ်ရှောင်မြို့မှာ ရေငုပ်သင်္ဘောအသစ် ရှစ်စင်းအနက် တစ်စင်းကို ပထမဆုံးအနေနဲ့ ပြသခဲ့ပါတယ်။ 

“အရင်တုန်းကတော့ ပြည်တွင်းမှာ ရေငုပ်သင်္ဘောကို တီထွင်ဖန်တီးဖို့ မဖြစ်နိုင်တဲ့ အလုပ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူတွေက မျက်စိရှေ့မှာထိုင်ပြီး ဒီဇိုင်းထွင် ထုတ်လုပ်ထား တဲ့ ရေငုပ်သင်္ဘောဟာ ရေတပ်ရဲ့အင်အားမမျှတဲ့စစ်ပွဲစွမ်းရည်အတွက် အားကောင်းအောင် လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိမ့်မယ်” လို့ သမ္မတဆိုင်က ပြောခဲ့ပါတယ်။

“အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲရှိရှိ ထိုင်ဝမ်က ဒီခြေလှမ်းကို လှမ်းပြီး ကိုယ့်ကိုယ်ပိုင် အားထား တဲ့ အမျိုးသားကာကွယ်ရေးမူဝါဒကို ကျွန်မတို့မြေပေါ်မှာ ရှင်သန်ကြီးထွားအောင် လုပ်ခွင့်ပေးရမယ်” လို့ ဆိုင်က သင်္ဘောရှေ့မှာ ရပ်ကာ ပြောဆိုခဲ့ပါတယ်။ 

နာဝါလို့အမည်ပေးထားတဲ့ အဲဒီသင်္ဘောဟာ ၁၉၈၀ ခုနှစ်က နယ်သာလန်မှဝယ်ယူထားတဲ့ လက်ရှိရေငုပ် သင်္ဘောနှစ်စင်းနဲ့ ပူးပေါင်းကာ ၂၀၂၅ ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင် မှုပေးမှာဖြစ်ကြောင်း သိရပါတယ်။ 

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ရေငုပ်သင်္ဘောဟာ နိုင်ငံအများအပြားမှ ကျွမ်းကျင်သူတွေရဲ့ နည်းပညာတွေနဲ့ ရေးဆွဲထားပြီး သံတမန်အရ သီးခြားရပ်တည်နေတဲ့ ထိုင်ဝမ်အတွက် အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ 

တရုတ်လေတပ်နဲ့ ရေတပ်က လှုပ်ရှားမှုတွေပြုလုပ်နေပြီး ခြိမ်းခြောက်မှုတွေတိုးလာခြင်းအတွက် ထိုင်ဝမ်က သူ့ရဲ့ကာကွယ်ရေးကို အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဝူက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

“ရေငုပ်သင်္ဘောအသစ်ရှိခြင်းက ဗျူဟာတွေထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ ရေငုပ်သင်္ဘော နည်းဗျူဟာကို မေးခွန်းထုတ်သူတိုင်းအတွက် စစ်ပွဲဖြစ်ပွားမှုကို ဟန့်တားဖို့ လိုအပ်တာကြောင့် ထိုင်ဝမ်က ရေငုပ်သင်္ဘော တွေဝယ်ယူဖို့ ကျွန်တော်က အဓိကထောက်ခံသူဖြစ်လိ့မ်မယ်” လို့ ဝူက ပြောဆိုခဲ့ပါတယ်။ 

ထိုင်ဝမ်ဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ အလားတူ ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ရေငုပ်သင်္ဘော နှစ်စင်းထက်မနည်း ဖြန့်ကျက်ထားနိုင်ဖို့ မျှော်လင့်ထားပြီး နောက်ပိုင်းမှာ ဒုံးကျည်တွေ တပ်ဆင်ဖို့လည်း မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ 

လက်ရှိပြည်တွင်းထုတ်ရေငုပ်သင်္ဘောအစီအစဉ်ကို ဦးဆောင်သူ သမ္မတဆိုင်ရဲ့ လုံခြုံရေးအကြံ ပေး ရေတပ် ဗိုလ်ချုပ်ကတော့ ရေငုပ်သင်္ဘောတွေဟာ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းတစ် လျှောက် ဆိပ်ကမ်းတွေမှာ ဖြန့်ကျက်ထားခြင်းဖြင့် ကျွန်းရဲ့ အဓိကအသက်သွေးကြောကို ထိန်းသိမ်းရာမှာ မဟာဗျူဟာမြောက်တဲ့ အဟန့်အတားတစ်ခုဖြစ်စေမယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.