ကျိုက်မရော၊ စက်တင်ဘာ(၂၈)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာထဲမှာ တိုက်ပွဲမရှိဘဲလက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကနာလိုကျေးရွာထဲကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၁၀ နာရီအချိန်ခန့်က လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် မောင်မင်းကိုအပါအဝင် အရပ်သား ၆ ဦးဟာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကိုတော့ ကျိုက်မရောပြည်သူ့ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံထံ ပြောင်းရွှေ့ကုသပေးထားတယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၈ လုံးနဲ့ ကားတစ်စီးကလည်း လက်နက်ကြီးကျည်စထိမှန် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ကနာလိုကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဟာ အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ပစ်ခတ်မှုလဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.