ကော့ကရိတ်၊ စက်တင်ဘာ(၂၈)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၇) ရပ်ကွက်မှာရှိတဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ရုံးဟာ စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝန်ထမ်းတွေ မရှိတော့တဲ့အတွက် အဲဒီလဝကရုံးကို မနေ့ ည ၁၁ နာရီအချိန်ခန့်မှာ လူတစ်စုက ဓါတ်ဆီလောင်းပြီး မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံရတာကြောင့် ရုံအဆောက်အဦးတစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး ရုံးအတွင်းရှိ ပရိဘောဂပစ္စည်းတွေလည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့တာပါ။

လဝကရုံး မီးလောင်မှုကို မီးသတ်တပ်ဖွဲ့တွေက လာရောက်ငြိမ်းသက်ခဲ့ပေမယ့် မနက် ၁ နာရီလောက်မှသာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ ကော့ကရိတ်မြို့နယ် လဝကရုံးကို လုံခြုံရေးအခြေအနေကြောင့် ကော့ကရိတ်မြို့ ဒေါနခန်းမသို့ ပြောင်းရွှေ့ထားတဲ့အတွက် ဝန်ထမ်းတွေနဲ့ အရေးကြီး စာရွက်စာတမ်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်မှု အားနည်းနေတဲ့ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအများစုကို လုံခြုံရေးအခြေအနေကြောင့် စစ်ကောင်စီက လက်လွှတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.