ကန်ပက်လက် – စက်တင်ဘာ(၂၈)

စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့တဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင်မှာ တော်လှန်ရေးတပ်ဖွဲ့အလံနဲ့ ချင်းပြည်နယ်အလံ လွှင့်ထူလိုက်ပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကန်ပက်လက်မြို့အဝင် ”လောက်နူးမြေကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏”ဆိုင်းဘုတ်နေရာမှာ ချင်းပြည်နယ်အလံနဲ့ CDF-Kanpetlet အလံကို လွှင့်ထူခဲ့တာ ဖြစ်ပါတယ်။

CDF-Kanpetlet တပ်ဖွဲ့ဝင်ဟာ အလံမလွှင့်ထူမီ မနေ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနရုံးနဲ့ ပညာရေးမှူးရုံးတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာတော့ စစ်ကောင်စီ အုပ်ချုပ်ရေယန္တရား မရှိတော့တာ နှစ်နဲ့ချီ ရှိလာပြီး ဖြစ်သလို စစ်ကောင်စီတပ်ကလည်း ဌာနဆိုင်ရာရုံးနေရာတွေမှာ အပြင်မထွက်ဘဲ ဆက်လက်တပ်စွဲထားပါတယ်။

ကန်ပက်လက်မြို့ပေါ်က လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ မြို့ပေါ်တိုက်ပွဲတွေ စတင်ဖြစ်ပွားတည်းက စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရသေးပါဘူး။

တော်လှန်ရေးအင်အားစုတွေကတော့ ကန်ပက်လက်မြို့ကို အပြီးတိုင် ထိန်းချုပ်နိုင်ဖို့အတွက် စစ်ဆင်ရေး စတင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာ နေရာတွေမှာ မနေကြဖို့ သတိပေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- CDF-Kanpelet

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.