သထုံ၊ စက်တင်ဘာ(၂၃)

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အစပ် ပုရစ်ခိုကျေးရွာအနီးရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးဟာ ဒီနေ့ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ KNU သထုံခရိုင် ဌာနချုပ်ရုံးဟောင်းနေရာကို ဗုံး၂ လုံးကြဲပြီး တိုက်ခိုက်သွားတာပါ။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားပြီး လူနေထိုင်တာ မရှိတော့တဲ့ အတွက် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ပုရစ်ခိုဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေပြီး တချို့ပြည်သူတွေက ဗုံးခိုးကျင်းတွေနဲ့ ခိုင်မာတဲ့အဆောက်အဦးတွေထံ ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့လည်း KNU သထုံခရိုင် ဌာနချုပ်ရုံးဟောင်းကို လေ ယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ထားပါတယ်။

KNUသထုံခရိုင် လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) ဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့ KNUရဲ့ တပ်မဟာတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.