ဂန့်ဂေါ၊ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သာကောင်းရွာအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ကနေ Mi 35 တိုက်ခိုက်ရေးလေယာဉ် အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီနေ့စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား သာကောင်းရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ နေ့လည် ၁ နာရီလောက်မှာ တိုက်ခိုက်ရေး လေယာဉ်နဲ့ လာရောက်တိုက်ခိုက်သွားတာဖြစ်ပါတယ်။

“မုံရွာ နမခ ကနေ တက်လာတဲ့ Mi35 တိုက်ခိုက်ရေးလေယာဉ်က နေ့လည်တစ်နာရီလောက်မှာ လာပစ်သွားတာ၊ မိနစ်သုံးဆယ်လောက် ကြိုတင်ရှောင်ရှားချိန်ရတဲ့အတွက် ကိုယ်တွေဘက်က အထိခိုက်မရှိဘူး” ဒေသခံတစ်ဦးက ပြောပါတယ်။

သာကောင်း​ရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဂန့်ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီ၊ပျူစောထီးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ နီးပါး သေဆုံးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.