ကော့သောင်း၊ စက်တင်ဘာ(၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ချောင်းဝကျေးရွာနေ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

တပ်အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၁ ရက်နေ့က ချောင်းဝကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၀ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကျေးရွာအတွင်းကျန်ရှိတဲ့ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ချောင်းဝနဲ့ခမောက်ငယ်ကျေးရွာက ဒေသခံ ၃၅၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

ကော့သောင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ မတရားဖမ်းဆီးမှုတွေ ထပ်မံပြုလုပ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာနေထိုင်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJပုံစာအညွန်း- စစ်ကြောင်းဝင်လာလို့ကော့သောင်းမြို့နယ် ချောင်းဝကျေးရွာ ဒေသခံတွေ ထိုင်းဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်စဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.