ကမ္မ၊ စက်တင်ဘာ (၂၃)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ကို စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်း စစ်ကြောင်းကနေ ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကမ္မမြို့ရှိ စစ်ကောင်စီရဲ့ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သလို တိုက်ပွဲပြီးနောက် အင်အားအလုံးအရင်း ဖြည့်တင်းလာတဲ့ စစ်ကောင်စီပူးပေါင်း စစ်ကြောင်းကနေ ကမ္မမြို့တွင်း ဝင်ရောက်စီးနင်းပြီး တပ်စွဲနေထိုင်နေတာပါ။

“ကမ္မမြို့ပေါ်က ရုံးတွေကို PDF တွေ ဝင်စီးတယ်၊မီးရှို့တယ်၊ ရဲစခန်းကို ဝင်တိုက်တယ်၊သိမ်းလို့မရခင်မှာဘဲ မုံရွာ နမခ က လေယဉ်နဲ့လာပစ်တယ်၊အခုမြို့ပေါ်မှာ ဘယ်သူမှ မရှိတော့ဘူး၊ အကုန်ထွက်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြို့ခံတွေ စွန့်ခွာသွားတဲ့ ကမ္မမြို့တွင်းမှာ စစ်ကောင်စီနဲ့ပျူစောထီးစစ်ကြောင်းကနေ ဒေသခံ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်တာ၊တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်တာ၊နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

လူဦးရေ နှစ်ထောင်ကျော် နေထိုင်တဲ့ ကမ္မမြို့ခံတွေဟာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက် တပ်စွဲနေထိုင်နေတာကြောင့် ပေါက်မြို့နဲ့မြစ်ခြေမြို့တွေမှာ တိမ်းရှောင် နေထိုင်ရတာပါ။

စစ်ရှောင်ဒေသခံတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူတွေက ဆန်အပါအဝင် အခြေခံစားနပ်ရိက္ခာတွေတချို့ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ထားပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.