ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ(၁၉)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတွေအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးထားတယ်လို့ နဂါးနီစစ်ကြောင်းက စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး KNU တပ်မဟာ(၆) အုပ်ချုပ်နယ်မြေ ခလယ်တံခွန်တိုင်ကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဘက် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က Mi-35 ရဟတ်ယာဉ်နဲ့ ၂၅ မိနစ်နီးပါး လာရောက်ပစ်ခဲ့တဲ့အပြင် အဘစ်ရွာအမြောက်တပ်ကနေလည်း ၁၂၂ မမ ဟောင်ဝစ်ဇာလက်နက်ကြီတွေနဲ့ ပစ်ကူပေးခဲ့ပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး တပ်ရင်းမှူးတစ်ဦးကို နဂါးနီစစ်ကြောင်းဘက်က ပစ်ခတ်လိုက်တဲ့ စနိုက်ပါကြောင့် သေဆုံးသွားခဲ့ရပြီး BGF တပ်ခွဲမှူးအပါအဝင် အားလုံး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

တိုက်ပွဲအတွင်း နဂါးနီစစ်ကြောင်းက ရဲဘော်တစ်ဦးမြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ စက်တင်ဘ ၁၈ ရက်နေ့ မနက်ပိုင်းမှာလည်း ခလယ်တံခွန်တိုင်ကျေးရွာအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၅၀၀၀ ကျော်ဟာ လတ်တလောမှာ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်နေခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေစီးဆင်းမှုကြောင့် နေရာထိုင်ခင်း အမိုးအကာတွေ လုံလောက်မှုမရှိတဲ့အပြင် စစ်ဘေးရှောင်စခန်းလည်း သီးသန့်မရှိတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-နဂါးနီစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.