ဝါရှင်တန်၊ စက်တင်ဘာ (၁၉)
သမ္မတနှစ်ဦး တွေ့ဆုံရေးအတွက် အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိက်ဆော်လီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီတို့ဟာ ပြီးခဲ့တဲ့သီးတင်းပတ်ကုန် ပိုင်းက မော်လ်တာကျွန်းစုမှာ တွေ့ဆုံခဲ့ကြပါတယ်။
စီးပွားရေးအရ အင်အားကြီးတဲ့ တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံဟာ စိန်ခေါ်မှုတွေရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရနှစ်ဖက်လုံးက စက်တင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြုပြောကြားထားတာပါ။
အိမ်ဖြူတော်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ သီးခြားထုတ်ပြန်ချက်တွေအရ နှစ်ဖက်လုံး ဟာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၇ ရက်တို့မှာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်အောင်ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆော်လီဗန်နဲ့ ဝမ်ရီတို့ရဲ့တွေ့ဆုံမှုဟာ အခုနှစ်ကုန်ပိုင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် အခြေခံအုတ်မြစ်ချတဲ့ အဆင့်မြင့် အရာရှိကြီးများအဆင့် နောက်ဆုံး ဆွေးနွေးမှုလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နှစ်ဖက်စလုံးဟာ အမြင့်ဆုံးအာဏာပိုင်တွေကြားမှာ အမြင်တွေ ဖလှယ်နိုင်တဲ့ အခြေအနေကို ထိန်းသိမ်းဖို့၊ အာရှပစိတ်ဖိတ်ရေးရာကိစ္စတွေ၊ ရေကြောင်းဆိုင်ရာမူဝါဒတွေနဲ့ နိုင်ငံခြားရေမူဝါဒတို့ကိုလည်း နှစ်ဖက်တိုင်ပင်ဆွေးနွေးခဲ့ကြ တယ်လို့ ပြောကြားထားပါတယ်။
“လမယ့်လတွေအတွင်းမှာ အဓိကနယ်ပယ်တွေရဲ့ အဆင့်မြင့်စေ့စပ်ညှိနှိုင်းမှု၊ တိုင်ပင်ဆွေးနွေးမှုတွေကို သေချာအောင်ဆောင်ရွက်ဖို့နဲ့ မဟာဗျူဟာကျ ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ နှစ်ဖက်စလုံးက ကတိက ဝတ်ပြုခဲ့ကြပါတယ်”လို့ အိမ်ဖြူတော်အစိုးရက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဆော်လီဗန်က ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး အရေးကြီးပုံကို မှတ်ချက် ပြုခဲ့သလို မစ္စတာဝမ်ရီကတော့ ထိုင်ဝမ်အရေးဟာ အမေရိကန်နဲ့တရုတ်ဆက်ဆံရေး အတွက် ပထမဆုံး ဖြတ်မကျော်နိုင်သေးတဲ့ မျဉ်းနီးဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: Reuters/ec