ဘန်ကောက်၊ စက်တင်ဘာ (၁၉)

ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ဆရီထာသာဗီဇင်က သူရဲ့အစိုးရအနေနဲ့ လျှပ်စစ်မီတာခ ဖြည်း ဖြည်းချင်း လျှော့ချမှုနဲ့ နေ့စဉ်လုပ်အားခ မြှင့်တင်မှုပါဝင်တဲ့ လူနေမှုစရိတ်တွေလျှော့ချမယ့် မူဝါဒတွေကို အခုနှစ်ကုန်မှာ ပိုမိုချမှတ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ ပါတယ်။ 

ထိုင်းပို့ကုန်တွေ ဝယ်လိုအားနည်းနေမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုနည်းပါးလာမှုကို တုံ့ပြန်ဖို့အတွက် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ၁၁ ပါတီအစိုးရတို့ဟာ လယ်သမားတွေအတွက် အကြွေးတွေဆိုင်းငံ့ထားမှု၊ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ရေးစတဲ့ မူဝါဒတွေကို ချမှတ်ဖို့ လုပ်ဆောင်နေတာပါ။

 ဒါ့အပြင် ထိုင်းနိုင်ငံရဲ့အရွယ်ရောက်ပြီးသူတွေကို ဒီဂျစ်တယ်ပိုက်ဆံအစီအစဉ်တွေကနေတဆင့် ထောက်ပံ့ပေး မယ့်အစီစဉ်တွေအပါအဝင် လူကြိုက်များတဲ့မူဝါဒတွေနဲ့ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးကို ပြန်လည်အသက်သွင်းဖို့ ကတိပြုခဲ့ကြတာပါ။ 

“လျှပ်စစ်မီတာခတွေ လျှော့ထားပြီးပြီ။ ဒါပေမယ့် ပိုလျှော့ချင်တယ်၊ ရက်သတ္တပတ်ပေါင်းများ စွာတော့ ကြာမယ်”လို့ ဝန်ကြီးချုပ်ကဆိုခဲ့ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေမှာတော့ သိပ်မကောင်းဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းအနေနဲ့ကတော့ အခုနှစ်မှာ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မယ်လို့ ခန့်မှန်းထားပေမယ့် ဝန်ကြီးချုပ်ဆာရီသာက နှစ်စဉ်တိုးတက်မှု ၅ ရာခိုင်နှုန်းကို ရည်မှန်းထား တယ်လို့ ဆိုပါတယ်။

 ပြီးခဲ့တဲ့လက ထိုင်းသတင်းမီဒီယာ “ထိုင်းရတ်”က တာဝန်ယူကျင်းပခဲ့တဲ့ ဖိုရမ်တစ်ခုမှာလည်း ဝန်ကြီးချုပ်ဆာရီသာက အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း ၊ ဆန်စပါးစိုက်ပျိုးနေတဲ့နိုင်ငံရဲ့ အခုနှစ် ဒုတိယ မြောက် စပါးရိတ်သိမ်းချိန်နဲ့ အစားထိုးသီးနှံများ လိုအပ်မှုကို စူးစမ်းလေ့လာဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

သူ့ရဲ့အစိုးရအနေနဲ့လည်း အာဖရိကနဲ့ အရှေ့အလယ်ပိုင်းအတွက် ဟာလာလ်ထွက်ကုန်တွေကို အဓိကထားကာ စိုက်ပျိုး ရေးဈေးကွက်သစ်တွေ ဖွင့်လှစ်ဖို့နဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်တွေ ချဲ့ထွင်လိုကြောင်း ပြောဆိုခဲ့ပါတယ်။ 

အိမ်ခြံမြေလုပ်ငန်းရှင်ကနေ နိုင်ငံရေးသမားအသစ်ဖြစ်လာသူ ဆာရီသာဟာ မူဝါဒတွေအတွက် ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်မရှိဘူးလို့ ပါလီမန်မှာ အတိုက်အခံပါတီတွေရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မူဝါဒတွေဟာ ဘဏ္ဍာရေးအရ တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ်က တုံ့ပြန်ပြောဆိုခဲ့ပါ တယ်။

ထိုင်းဝန်ကြီးချုပ်ဟာ အခုသီတင်းပတ်အတွင်း နယူးယောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ဖို့ စီစဉ်ထားပြီး ကမ္ဘာ့စင်မြင့်မှာ နိုင်ငံရဲ့ကြားနေတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့မှာ တရုတ်၊ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ တစ်နည်းမဟုတ် တစ်ဖက် ဖက်ကို မတိမ်းမယိမ်း ကျွန်တော်တို့ ကြားနေရမယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်နိုင်ဖို့လည်း သူ့ရဲ့အမေရိကန်ခရီးစဉ်အတွင်း ထိပ်တန်းစီးပွားရေး အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.