ရေး – စက်တင်ဘာ(၁၈)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်မှာ စက်တင်ဘာ(၁၈) ရက်နေ့ မနက် (၁၀) နာရီအချိန်ခန့်က သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့ တာဝန်ခံ ရဲအုပ်မြင့်လွင်ဟာ အိမ်စီးကားနဲ့ တစ်ဦးတည်း ထွက်လာစဉ် အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရဲအုပ်မြင့်လွင်ဟာ သေနတ်ဒဏ်ရာ (၇) ချက်ရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ရဲအုပ်မြင့်လွင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ရုပ်အလောင်းကို ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ကနေ မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို ခရီးသွားပြည်သူတချို့ကိုလည်း အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရဲအုပ်မြင့်လွင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သူရဲ့ လူမှုကွန်ရက် ဖော့ဘုတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပြင် ဌာနဆိုင်ရာရုံးတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီကနေ စစ်အုပ်ချုပ်ရေးကြေညာပြီး လုံခြုံရေးအထူး တင်းကျပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.